လွိုင်ကော်မြို့ အဝင်အထွက် ကျေးရွာများ အနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေ

လွိုင်ကော်မြို့ အဝင်အထွက် ကျေးရွာများ အနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေ
ဇူလိုင် 31, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း လွိုင်ကော်မြို့နယ် ဖားတီမာကျေးရွာနှင့် ဒေါမူကလားကျေးရွာများအနီးတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ နေ့လယ်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်၊ ဖားတီမာကျေးရွာနှင့် ဒေါမူကလားကျေးရွာ အရှေ့ဖက် တောင်ကြောတွင် ဇူလိုင်လ (၃၁) ရက်နေ့ နေ့လယ် (၁၂) နာရီအချိန်ခန့်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သံများ ကြားနေရပြီး တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများက ယူဆနေကြသည်။

ဒီ ဖားတီမာ နဲ့ ဒေါမူကလား အရှေ့ဖက်က တောင်ပေါ်မှာ ပစ်နေကြတာပါ။ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်နေကြတာပေါ့။ အချက်ရေကတော့ မရေနိုင်တော့ဘူး ။ အခုထိ ပစ်နေသေးတယ်။ ကျွန်တော်တို့ကတော့ လုံခြုံတဲ့နေရာဖက်ပုန်းပြီး အခြေအနေကြည့်နေရတယ်။ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်နေတယ်တော့ ပြောတယ်။

 ဟု ပစ်ခတ်သံများကြားနေရသည့် လယ်ထွဲကျေးရွာမှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဇူလိုင်လ ၃၁ ရက်နေ့ နေ့လည် (၁၂) နာရီအချိန်ခန့်မှစ၍ နာရီဝက်ကြာ ပစ်ခတ်သံများ ကြားလာရပြီး မည်သည့်အဖွဲ့များ တိုက်ပွဲဖြစ်နေသည်ကို မသိရသော်လည်း အနီးအနားရှိ ကျေးရွာများမှ ဒေသခံအချို့ တိမ်းရှောင်ရန် ပြင်ဆင်နေကြရကြောင်း သိရသည်။ 

ဇူလိုင်လ အစောပိုင်းမှစ၍ အာဏာသိမ်းစစ်ကောင်စီ၏တပ်များက ကယား(ကရင်နီ) ပြည်နယ်အတွင်း စစ်အင်အားများ အများအပြား တိုးချဲ့ ဖြည့်တင်းလာပြီး နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်မှုများလည်း ဆက်တိုက် လုပ်ဆောင်လာသည်။

အာဏာသိမ်းစစ်ကောင်စီ၏တပ်များက ကျေးရွာများတွင် တပ်စွဲခြင်း ၊ လက်နက် လူအင်အားအများအပြားဖြင့် လှည့်လည် သွားလာခြင်း၊  လက်နက်ကြီးများဖြင့် ကျေးရွာများဖက်သို့ တစ်ဖက်သက် ပစ်ခတ်ခြင်းများ လုပ်နေသဖြင့် တိမ်းရှောင်နေသည့် ဒေသခံ စစ်ရှောင် သိန်းဂဏန်း အထိ ရှိကြောင်း သိရသည်။ 

ဇူလိုင်လ အစောပိုင်းမှစ၍ ပြည်နယ်အတွင်း အင်အားအများအပြားဖြင့် လှုပ်ရှားသွားလာနေသော အာဏာသိမ်းစစ်ကောင်စီတပ်များက နယ်မြေကျော် ဝင်ရောက်မှုများကြောင့် ကရင်နီတပ်မတော် (KA) နှင့် KNDF ပူးပေါင်းအဖွဲ့ တို့မှခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲ (၁၀)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency