တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း ဓါးပြတိုက်ခံရ

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း ဓါးပြတိုက်ခံရ
ဖေဖော်ဝါရီ 4, 2022 | မှုခင်းသတင်း| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း အမည်မသိ သေနတ်ကိုင်လူတစ်စုက ဓါးပြတိုက်သွားသည့်အတွက် ရွှေ(၅)ဘတ်သား ပါသွားကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်)ရှိ နေအိမ်ဈေးဆိုင် တစ်ဆိုင်တွင် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ နေ့လည်(၁)နာရီကျော်က ဓါးပြတိုက်ခံရခြင်း ဖြစ်သည်။

ဓါးပြတိုက်သူများမှာ စုစုပေါင်း (၄)ဦးဖြစ်ပြီး ကားပေါ်တွင် (၁)ဦး စောင့်နေကာ (၃)ဦးမှ ကားပေါ်က ဆင်းလာကာ ဆိုင်တွင်းသို့ ဝင်သွားပြီး ပိုက်ဆံလိုတယ်ဟု ထိုင်းလိုပြောကာ သေနတ်ဖြင့် ချိန်ပြီး ပြောဆိုပြီးနောက် ဆိုင်တွင်းရှိ အမျိုးသားတစ်ဦး၏ ဆွဲကြိုးကို ဆွဲဖြုတ်ယူသွားခြင်း ဖြစ်ကြောင်း အနီးဝန်းကျင်များ၏ ပြောပြချက်အရ သိရသည်။

ဈေးဆိုင်ဆိုတော့ လူရှင်း မရှင်း ဖြတ်သွား ဖြတ်လာ စောင့်ကြည့်သလိုမျိုးလုပ်ပြီးမှ လုပ်သွားပုံပဲ၊ အဲ့လို မဖြစ်ခင်က ကားရပ်ပြီး စောင့်ကြည့်တာတွေ့ရတယ်။  အဲ့ဒီက  ကားထဲမှာ တစ်ယောက်ရှိတယ်။ လာတာ စုစုပေါင်း(၄)ယောက်။ (၃)ယောက်က သေနတ်နဲ့ဆင်းလာပြီး ဆွဲကြိုးဖြုတ်ယူသွားတယ်လို့ သိရတယ်

ဟု အနီးဝန်းကျင်မှ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံထားရပြီးနောက် ခိုးမှု၊ လုယက်မှုများ ဖြစ်ပွားလာရာကနေ ယခုလို ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေသော်လည်း ယခုလို ဖြစ်စဉ်မျိုးနှင့် ပတ်သက်၍ စစ်တပ်နှင့်ရဲတို့က ဖမ်းဆီးနိုင်စွမ်းမရှိဖြစ်နေကြောင်း သိရသည်။

တာချီလိတ်မြို့သည် မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်သည့်အတွက် ရွှေများကို ထိုင်းရွှေများကိုသာ အဓိက အသုံးပြုခြင်း ဖြစ်ပြီး ထိုင်းရွှေ (၁)ဘတ်သားလျှင် မြန်မာရွှေ (၁)ကျပ်သား မပြည့်တပြည့်ရှိသည်ဟု အကြမ်းအားဖြင့် သိရသည်။

#TachileikNewsAgency