ကိုးကန့်ဒေသတွင် အာဏာသိမ်းစစ်တပ်က အင်အားများဖြင့် ထိုးစစ် ဆင်သော်လည်း လက်နက်စွန့်ခွာထွက်ပြေးသွားမှုကြောင့် ကျန်ရစ်ခဲ့သည့် လက်နက်ခဲယမ်းများကို MNDAA က ထပ်မံသိမ်းဆည်းရရှိ

ကိုးကန့်ဒေသတွင် အာဏာသိမ်းစစ်တပ်က အင်အားများဖြင့် ထိုးစစ် ဆင်သော်လည်း လက်နက်စွန့်ခွာထွက်ပြေးသွားမှုကြောင့် ကျန်ရစ်ခဲ့သည့် လက်နက်ခဲယမ်းများကို MNDAA က ထပ်မံသိမ်းဆည်းရရှိ
အောက်တိုဘာ 23, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း  အထူးဒေသ(၁) မူပန်ခရိုင်(သိန္နီဒေသ)ရှိ အာဏာသိမ်းစစ်တပ် အင်အား(၈၀)ကျော်က MNDAA တပ်ရှိရာသို့ ထိုးစစ်ဆင်လာ၍ ကြာရမ်းဒေသ နှင့် ထန်ကြာပကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားကြောင်း နှင့် စစ်မြေပြင်များတွင် အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းများကို MNDAA က သိမ်းဆည်းရရှိကြောင်း သိရသည်။ 

အာဏာသိမ်းစစ်တပ်၏ အမှတ်(၅၆၇)တပ်ရင်းမှ အင်အား (၈၀)ကျော်သည် MNDAA တပ်စခန်းရှိရာသို့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့ နေ့လည်(၂)နာရီ (၅၂)မိနစ်ဝန်းကျင်အချိန်က ဦးတည်ကာ ထိုးစစ်ဆင် ချီတက်လာသည့်အတွက် မူပန်ခရိုင်(သိန္နီဒေသ)ကြာရမ်းဒေသ နှင့် ထန်ကြာပကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

လက်ရှိမှာတော့ အဆိုပါနေရာတွင် ထိုးစစ်ဆင်မှု လျော့လာပြီး MNDAA တပ်ကလည်း အထူးဒေသ(၁) မုံးကိုးခရိုင်၊ ဖောင်းဆိုင်ဒေသ၏ စစ်မြေပြင်များကို ရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ(၂၂)ရက်နေ့က ရှီကျိကျတောင်တန်းရှိ MNDAA တပ်ဖွဲ့ဝင်များသည် စစ်မြေပြင်ရှင်းလင်းရေး လုပ်ဆောင်စဉ်မှာ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်စွန့်ခွာထွက်ပြေးသွားမှုကြောင့် ကျန်ရစ်ခဲ့သည့် လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရရှိကြောင်း သိရသည်။

 မုံးကိုးဒေသတွင် အာဏာသိမ်းစစ်တပ်က စစ်ရေးအင်အားတိုးမြှင့်ပြီး MNDAA ကို ထိုးစစ်ဆင်မှုများ လုပ်ဆောင်သည့်အတွက် အောက်တိုဘာလ၏ တတိယပတ်အတွင်း၌ တိုက်ပွဲများ အရှိန်အဟုန်မြှင့်တက်လာခဲ့ကြောင်းနှင့် တိုက်ပွဲများဖြစ်ပွားသည့် စစ်မြေပြင်များကို ရှင်းလင်းရေးများ လုပ်ဆောင်ချိန်တွင် MNDAA က အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိသလို အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသည့် အလောင်း(၂၀)ကျော်ကိုလည်း တွေ့ရှိသည်ဟု သိရသည်။

#TachileikNewsAgency