ကျိုင်းတုံမြို့တွင် စစ်တပ်ကျောင်းဖြစ်သည့် အထက(၄)ကျောင်းအတွင်း ဗုံးတွေ့သည့် သတင်းထွက်ပြီး တပ်ကျောင်း(၂)ကျောင်းပိတ်၊ မြို့မဈေးမှ အချို့ဈေးသည်များ ပိတ်သိမ်းကာ အိမ်ပြန်

ကျိုင်းတုံမြို့တွင် စစ်တပ်ကျောင်းဖြစ်သည့် အထက(၄)ကျောင်းအတွင်း ဗုံးတွေ့သည့် သတင်းထွက်ပြီး တပ်ကျောင်း(၂)ကျောင်းပိတ်၊ မြို့မဈေးမှ အချို့ဈေးသည်များ ပိတ်သိမ်းကာ အိမ်ပြန်
ဖေဖော်ဝါရီ 3, 2022 | ရှမ်းရှေ့

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တည်စိုက်ရာမြို့ဖြစ်ပြီး အာဏာသိမ်းစစ်တပ် အားကောင်းသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်နေ့က ၎င်းတို့၏ တပ်ကျောင်းများဖြစ်သည့် အထက (၄)တွင် ဗုံးတွေ့သည်ဟု သတင်းထွက်ပြီး မရှေးမနှောင်းမှာပင် အထက (၅)ကိုလည်း ကျောင်းပိတ်ပေးလိုက်ကြောင်း သိရသည်။

အထက(၄)ရဲ့ အိမ်သာနားမှာ လက်လုပ်ဗုံးတစ်လုံး တွေ့တယ်လို့ ပြောတယ်။ ဗုံးတွေ့တယ်ဆိုပြီးတော့ ကျောင်းသားတွေကို ပြန်ခိုင်းပေမဲ့ စစ်တပ်သားသမီးနဲ့ လူကြီးသားသမီးတွေကိုပဲ အိမ်ပြန်ခွင့်ပေးနေလို့ ကျန်တဲ့ ကျောင်းသားမိဘတွေ အခြေအတင် စကားများနေတယ်။ အခုတော့ အကုန်ပြန်သွားပြီး ကျောင်းပိတ်လိုက်ပြီ။ စစ်သားတွေတော့ ရှိနေတုန်းပဲ။ စစ်ဆေးတာတွေ လုပ်နေတယ်

ဟု ဒေသခံတစ်ဦးက အထက (၄)၏ အခြေအနေနှင့်ပတ်သက်၍ Tachileik News Agency သို့ ပြောသည်။

ယနေ့တစ်နေ့တာအတွင်း တပ်ကျောင်း (၂) ကျောင်းကို ပိတ်ပေးလိုက်သည့် သတင်းကြောင့် မြို့မဈေးမှ ဈေးသည်များလည်း ထိတ်လန့်နေပြီး ဆိုင်များပိတ်နေကြကြောင်း သိရသည်။

ဈေးထဲက ဈေးသည်တွေလည်း သိမ်းကုန်ပြီ။ တချို့လည်း သိမ်းပြီး ပြန်သွားကြသလို။ တချို့လည်း ခုထိ သိမ်းနေဆဲပဲ

ဟု ဒေသခံတစ်ဦးက ပြောသည်။

တပ်ကျောင်းဖြစ်သည့် အထက (၄)တွင် ဗုံးတွေ့၍ ကျောင်းပိတ်သည့်သတင်းထွက်လာပြီးနောက် ကျိုင်းတုံမြို့ လေယာဉ်ကွင်းအနီးရှိ တပ်ကျောင်းတစ်ကျောင်းဖြစ်သည့် အထက (၅)ကိုပါ ပိတ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ဗုံးတွေ့ရှိမှုမှာ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိနေပြီး စစ်တပ်လွှမ်းမိုးမှုအားကောင်းသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့သည်  အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြမှုများကိုပင် မြန်မြန်ဆန်ဆန် နှိမ်နှင်းခံခဲ့ရခြင်းဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သည့်အဖွဲ့အစည်းများလည်း ထွက်လာနိုင်ခြင်းမရှိသည့် မြို့တစ်မြို့ဖြစ်သည်။

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ဒေသကာကွယ်ရေးအဖွဲ့များအနေဖြင့် ဂျနီဗာကွန်ဗင်းရှင်းပါ အချက်များ လိုက်နာရေး၊ လူ့အခွင့်အရေးလေးစားလိုက်နာရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက လမ်းညွှန်ထားသည်ကို တွေ့ရပြီး တော်လှန်ရေးအဖွဲ့များကလည်း တိုက်ခိုက်မှုများအတွင်း အများပြည်သူမထိခိုက်စေရေး သတိပေးချက်များ ထုတ်ပြန်လေ့ရှိသည်ကို တွေ့ရသည်။