တာချီလိတ် နှင့် တာလေမြို့တို့တွင် Covid-19 ကူးစက်ခံထားရသူ (၂၇)ဦး ထပ်တိုး

တာချီလိတ် နှင့် တာလေမြို့တို့တွင် Covid-19 ကူးစက်ခံထားရသူ (၂၇)ဦး ထပ်တိုး
သြဂုတ် 25, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်တွင်းထဲက တာချီလိတ် နှင့် တာလေမြို့တို့တွင် ဩဂုတ်လ(၂၅)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၂၇)ဦး ထပ်တိုးကြောင်း သိရသည်။

Covid-19 ကူးစက်ခံထားရသည့် (၂၇)ဦးတွင် တာချီလိတ်မြို့မှ အမျိုးသား(၁၄)ဦး နှင့် အမျိုးသမီး(၁၂)ဦး  တာလေမြို့မှ အမျိုးသားတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့မှ ပိုးတွေ့ (၂၆)ဦးမှာ ဝမ်ကောင်းရပ်ကွက်က (၁)ဦး၊ မကာဟိုခမ်းရပ်ကွက်မှ (၃)ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်က (၃)ဦး၊   ဆန်ဆိုင်း(က)ရပ်ကွက်က (၁)ဦး၊ မယ်ခေါင်ရပ်ကွက်က (၇)ဦး၊ ရန်အောင်မြေရပ်ကွက် ပါလျှံ(၁)မှ (၂)ဦး၊ ဝိန်းကျောက်ရပ်ကွက်အတွင်း  တော်တော့မှ (၁)ဦး၊ ပါဆတ်ရပ်ကွက်က (၁)ဦး၊ ဆေခမ်းရပ်ကွက်(ဟောင်လိတ်)က (၁)ဦး၊ မယ်ယန်းကျေးရွာက (၄)ဦးနှင့်  လွယ်တော်ခမ်းကျေးရွာအုပ်စုက (၂)ဦးတို့ ဖြစ်ကြောင်း သိရသည်။

တာလေမြို့မှ ပိုးတွေ့ အမျိုးသားတစ်ဦးမှာ တာချီလိတ်က ပြန်လာ၍ အသွားအလာ ကန့်သတ်ထားပြီး စစ်ဆေးရာမှ ပိုးတွေ့ရှိသူ ဖြစ်ကြောင်း သိရသည်။

တာလေမြို့သည် တာချီလိတ်မြို့နယ်လက်အောက်က မြို့ဖြစ်ပြီး တာလေမြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇူလိုင်လ( ၂၃ )ရက်နေ့မှ ယနေ့ ဩဂုတ်လ(၂၅)ရက်နေ့အထိ ပိုးတွေ့သူ (၃၅)ဦးအထိရှိရာတွင် နားယောင်းကျေးရွာအုပ်စုက အများဆုံးအဖြစ် (၂၇)ဦးအထိ တွေ့ရှိထားရခြင်း ဖြစ်ပြီး တာလေမြို့၏ ပိုးတွေ့ (၃၅)ဦးအနက်  (၉)ဦးမှာ နေအိမ်ပြန်ခွင့်ရရှိသွားကြပြီ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တစ်ခုလုံးအနေဖြင့် Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၂၂၀၀)ကျော်အထိ ရှိနေပြီး ဆေးရုံနှင့် Covid-19 စင်တာများကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာလည်း (၁၇၀၀)ကျော်အထိ ရှိကြောင်း နှင့် သေဆုံးသူမှာလည်း ဆေးရုံတွင် သေဆုံးသူ အနည်းဆုံး (၆၀)ဝန်းကျင်ရှိပြီး နေအိမ်များတွင် မိမိအစီအစဉ်ဖြင့် ကုသရင်း ရောဂါအခံကြောင့် သေဆုံးသူမှာလည်း ဆေးရုံတွင် သေဆုံးသည့် လူဦးရေထက် များပြားကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။