ရှမ်း(တောင်)တွင် ပြည်သူများ အာဏာသိမ်းစစ်ကောင်စီနှင့်ပတ်သက်သမျှကို ဝေးဝေးရှောင်ကြရန်  တော်လှန်ရေးနှစ်ဖွဲ့က သတိပေးချက် ထုတ်ပြန်

ရှမ်း(တောင်)တွင် ပြည်သူများ အာဏာသိမ်းစစ်ကောင်စီနှင့်ပတ်သက်သမျှကို ဝေးဝေးရှောင်ကြရန်  တော်လှန်ရေးနှစ်ဖွဲ့က သတိပေးချက် ထုတ်ပြန်
ဖေဖော်ဝါရီ 2, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း တော်လှန်ရေးနှစ်ဖွဲ့က ဇန်နဝါရီလအတွင်း ပူးတွဲလုပ်ဆောင်မှုများရှိခဲ့ပြီး ဆက်လက်၍ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ပြည်သူများ အာဏာသိမ်းစစ်ကောင်စီနှင့်ပတ်သက်သမျှကို ဝေးဝေးရှောင်ကြရန်  တော်လှန်ရေးနှစ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။

Mytel တာဝါတိုင် မီးရှို့ဖျက်ဆီး

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဇန်နဝါရီလအတွင်း ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG)နှင့် တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)တို့ပူးပေါင်းပြီး ဒလန်ရှင်းလင်းခြင်း၊ Mytel တာဝါတိုင်ဖျက်ဆီးမှုများကို လုပ်ဆောင်ခဲ့ကြောင်း ဖေဖော်ဝါရီလ(၁)ရက်နေ့က သတင်းထုတ်ပြန်လာသည်။

တော်လှန်ရေးနှစ်ဖွဲ့က ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့က ရွာငံမြို့ ကွက်သစ်ရပ်ကွက်နေ အကြမ်းဖက်စစ်ကောင်စီ မှ ချပေးထားသော သေနတ်ကိုင်ဆောင်သည့် ဒလန်အကြီးစား ဆိုသူ  (ဖြိုးလေး)ကို လည်းကောင်း၊ ဇန်နဝါရီလ(၂၅)ရက်နေ့က ပင်တယမြို့နယ် ပန်းစစ်ကျေးရွာနေ စစ်ကောင်စီခန့် ရပ်/ကျေးစာရေး ဒလန် အကြီးစားဆိုသူ (ကျော်ဝင်း) ကို လည်းကောင်း ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ(၃၁)ရက်နေ့ကလည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပိန္နဲကုန်းကျေးရွာ နှင့် ညောင်အိုင်ကျေးရွာ အကြားရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း တော်လှန်ရေးနှစ်ဖွဲ့ဖြစ်သည့် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG)နှင့် တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)တို့က စစ်အာဏာရှင်တော်လှန်ရေးလုပ်နေပြီဖြစ်၍ အများပြည်သူအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့များ၊ လက်အောက်ခံဌာနများနှင့် ဆက်စပ်သူများဖြင့် အနီးကပ်နေထိုင်သွားလာခြင်း မပြုကြရန် ကြိုတင်အသိပေးထားရှိသည်။