SNLD ပါတီ၏ ဥက္ကဋ္ဌဟောင်း ဝါရင့်နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦး ကွယ်လွန်

SNLD ပါတီ၏ ဥက္ကဋ္ဌဟောင်း ဝါရင့်နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦး ကွယ်လွန်
ဧပြီ 30, 2022 | ရှမ်းတောင်

 ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဝါရင့်နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦးသည် ယနေ့ ၂၀၂၂ခုနှစ် ဧပြီလ(၃၀)ရက်နေ့  နေ့လည်ပိုင်းက ကွယ်လွန်သွားကြောင်း သိရသည်။

၎င်းသည် ရန်ကုန်မြို့ (၉)မိုင်ရှိ နေအိမ်တွင် အိပ်နေစဉ် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း  SNLD ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်၏ ဖြေကြားချက်များအရ သိရသည်။

ဦးခွန်ထွန်းဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၌ ၁၉၄၃ ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၈၈ လူထုအရေးတော်ပုံကာလ နောက်ပိုင်းတွင် SNLD ပါတီကို ဦးဆောင်ထူထောင်ခဲ့ကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

ထို့နောက် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၌ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ SNLD ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) တွင် SNLD ၏ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက နိုင်ငံတော် ပုန်ကန်မှု(သစ္စာဖောက်မှု)ဖြင့် ထောင်ဒဏ် အနှစ် ၉၀ ကျော် ချမှတ်ခဲ့ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

SNLD ပါတီ၏ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း (၃၀)ကျော် တာဝန်ထမ်းဆောင်ပြီးနောက် အသက်အရွယ်ကြီးရင့်လာသဖြင့် ကျန်းမာရေးအရ ၂၀၂၁ ခုနှစ်တွင် ပါတီမှနုတ်ထွက်ကာ နိုင်ငံရေး လောကမှ အနားယူခဲ့သူဖြစ်သည်။

ဦးခွန်ထွန်းဦးသည် ၂၀၁၈ ခုနှစ်ကလည်း SNLD ပါတီ ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ရန် ကြိုးပမ်းခဲ့သော်လည်း ပါတီခေါင်းဆောင်များက မေတ္တာရပ်ခံသည့်အတွက် ဥက္ကဋ္ဌ ရာထူးကို လက်ခံဆောင်ရွက်ခဲ့သေးသည်။