မိုးမိတ်မြို့နယ်အတွင်း SSPP နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွား

မိုးမိတ်မြို့နယ်အတွင်း SSPP နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွား
စက်တင်ဘာ 21, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း SSPP က ထုတ်ပြန်သည်။

မိုးမိတ်မြို့နယ်၊ ဝမ်အုံရွာ၏ မြောက်ဘက်၊ ရွာနှင့် (၁)မိုင်ခွဲခန့်ကွာဝေးသည့် ဟွေခမ်းတောင်ကို ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့က အင်အား (၇၀)ဝန်းကျင်ဖြင့် စစ်ကြောင်း ထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ (၁၇)ရက်နေ့ကလည်း အဆိုပါ‌ နေရာတွင်ပင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ (၃၄၈)၊ ခလရ(၂၇၆)ပူးပေါင်းစစ်ကြောင်း အင်အား (၆၀)ဝန်းကျင်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး စစ်ကောင်စီတပ်သား (၃)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

စက်တင်ဘာ (၁၆)ရက်နေ့က မိုးမိတ်မြို့နယ်အတွင်း အခြေချလုပ်ရှား နေသည့် SSPP တပ်ဖွဲ့များကို မိုးမိတ်အတွင်းမှ ထွက်ခွါသွားရန် စစ်ကောင်စီက အကြောင်းကြားသော်လည်း SSPP တပ်များက ဆုတ်ခွါသွားခြင်း မရှိသဖြင့် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားလာရခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် လက်နက်အင်အား လူအင်အားများ   ထပ်ဖြည့်တင်းနေသဖြင့် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။