မိုင်းရှူးတွင် အာဏာသိမ်းအဖွဲ့က  အသံတိတ်သပိတ်ဖျက်ရန် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် လမ်းဖွင့်ပွဲများဖြင့် လူစည်းကားအောင်ပြုလုပ်

မိုင်းရှူးတွင် အာဏာသိမ်းအဖွဲ့က  အသံတိတ်သပိတ်ဖျက်ရန် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် လမ်းဖွင့်ပွဲများဖြင့် လူစည်းကားအောင်ပြုလုပ်
ဖေဖော်ဝါရီ 1, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့တွင် အသံတိတ်သပိတ် မအောင်မြင်စေရန် ဟန့်တားမှုအဖြစ် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် လမ်းဖွင့်ပွဲကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြုလုပ်သည်ဟု သိရသည်။

"ထွေအုပ်နဲ့ စစ်တပ်ထောက်ခံတဲ့ မြို့မိမြို့ဖတွေက လုပ်ကြတာ။ ဆရာတော်ကြီးတွေကို အတင်းဖိအားပေးပြီး ဆွမ်းဆန်စိမ်းလောင်းပွဲ လုပ်တာ။ တစ်ရွာကို ကိုရင် (၁၀)ပါး၊ (၁၅)ပါးနဲ့ ကိုရင်တစ်ပါးကို ကပ္ပိယ (၁)ယောက်ဆီနဲ့ဆိုတော့ မြို့ထဲ လူစည်တယ်လေ"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

စစ်အာဏာသိမ်းတစ်နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများက ပြုလုပ်သည့် အသံတိတ်သပိတ်ကို မအောင်မြင်စေရန်အတွက် အာဏာသိမ်းစစ်ကောင်စီက လက်အောက်ခံဌာနများကိုသုံး၍ မြို့ရွာများတွင် လူစည်ကားနေစေရန် နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးခြိမ်းခြောက်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။