တာချီလိတ်မြို့ရှိ အလင်းအိမ် မိတ္တူဆိုင်မှ ဆိုင်ရှင်ကို စစ်အာဏာရှင် ဆန့်ကျင်ရေး စာရွက်များ ကူးပေးသည်ဟု စွတ်စွဲကာ စစ်တပ်က ဖမ်းဆီးထား

တာချီလိတ်မြို့ရှိ အလင်းအိမ် မိတ္တူဆိုင်မှ ဆိုင်ရှင်ကို စစ်အာဏာရှင် ဆန့်ကျင်ရေး စာရွက်များ ကူးပေးသည်ဟု စွတ်စွဲကာ စစ်တပ်က ဖမ်းဆီးထား
ဖေဖော်ဝါရီ 5, 2023 | 2021 Military Coup| ရှမ်းရှေ့

 တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း ကားလေးကွင်းဝန်းကျင်ရှိ အလင်းအိမ် မိတ္တူဆိုင် ဆိုင်ရှင်ကို စစ်တပ်နှင့်ရဲက ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့၏ ညပိုင်းက လက်ထိပ်ခတ်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။

" အလင်းအိမ် မိတ္တူဆိုင်က  အသက်ခပ် ကြီးကြီး ဆိုင်ထိုင်တဲ့ လူကြီးကို ညက လက်နောက်ပြန် လက်ထိပ်ခတ်ပြီး ခေါ်သွားတယ် "ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ပြောသည်။

ဖမ်းဆီးခံရသူကို ၂၀၂၂ခုနှစ်၏ အောက်တိုဘာလအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်များ ရိုက်နှိက် ကူးပေးသည့် အတွက်ဟု စွတ်စွဲကာ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းနှင့်   ၎င်းအား တာချီလိတ်မြို့ အထက(ဟောင်လိတ်)ကျောင်းရှေ့ရှိ စရဖ(စရတ)စခန်းတွင် ဖမ်းဆီးစစ်ကြောနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၃ခုနှစ်၏ ပထမအကြိမ် လဝကရုံးရှေ့ ဖောက်ခွဲမှုအပြီး  ဖမ်းဆီးမှုအဖြစ် စုစုပေါင်း (၆)ဦးအထိ ဖမ်းဆီးခံထားရပြီး အမည်မသိရသေးဘဲ ခေါ်ယူစစ်ကြောခံနေရသူများလည်းရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၄)ရက်နေ့အထိ ဖမ်းဆီးခံရသူများမှာ အသက်(၂၀)ဝန်းကျင်အရွယ် လှမင်းထက် အပါအဝင် ၎င်း၏ ဇနီးဖြစ်သူ အသက်(၁၇)နှစ်အရွယ် မနန်းမွမ်းလောင် နှင့် လှမင်းထက်၏ ဖခင်ဖြစ်သူ ဦးအောင်ခိုင်သန်း အပြင် သိန်းထိုက်စံ(ခ)ထိုက်စံ နှင့် ပြည့်လျှံ စုစုပေါင်း (၅)ဦးတို့ ဖြစ်ကြောင်း နှင့် ဖေဖော်ဝါရီလ(၄)ရက်နေ့ ညပိုင်းတွင် မိတ္တူဆိုင်မှ (၁)ဦး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း  သိရသည်။

"အခု ဖမ်းခံရသူတွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ရှိထားသူတွေအနေနဲ့ သတိထား ရှောင်ရှားဖို့လိုတယ်။ "ဟု ဒေသခံ တစ်ဦးက ဆိုသည်။

နိုင်ငံ့အာဏာသိမ်းခံထားရသည့် (၂)နှစ်ပြည့်အဖြစ် ၂၀၂၃ခုနှစ်၏ ပထမဆုံး ဖောက်ခွဲမှုလည်း ဖြစ်သည့်  ဖေဖော်ဝါရီလ(၁)ရက်နေ့၏ ညက တာချီလိတ်မြို့နယ် လဝကဦးစီးမှူးရုံး နှင့် ဆောက်လုပ်ရေးရုံးအနီးတို့တွင် အရှေ့ပိုင်းနဂါးအဖွဲ့က ဗုံးတစ်လုံး ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်တပ်နှင့်ရဲက ဖမ်းဆီးမှုများ ပြန်လည် စတင်လာခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ခိုးဆိုး လုယက်မှုများနေ့စဉ် ဖြစ်ပွားနေသော်လည်း ဖမ်းဆီးနှိမ်နင်းရဲခြင်းမရှိဘဲ စစ်အာဏာရှင်ဆန့်ကျင်သူများဟု ဆိုသူများကိုသာ အဓိကထားပြီး စစ်တပ်နှင့်ရဲက ဖမ်းဆီးနေခြင်း ဖြစ်သည်။