တာချီလိတ်မြို့ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် လားရှိုးသို့ ပေးပို့သည့် မူးယစ်ဆေးပြား ပါဆယ်ထုတ်ကနေ တဆင့် ပေးပို့သူများကို ဆက်လက်ဖမ်းမိ

တာချီလိတ်မြို့ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် လားရှိုးသို့ ပေးပို့သည့် မူးယစ်ဆေးပြား ပါဆယ်ထုတ်ကနေ တဆင့် ပေးပို့သူများကို ဆက်လက်ဖမ်းမိ

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လားရှိုးသို့ ယာဉ်လိုင်းဖြင့် ပေးပို့သည့် ပါဆယ်ထုတ်ထဲက မူးယစ်ဆေးဝါးများ တွေ့ရှိရာမှတဆင့် ပေးပို့သူတို့ကို မူးယစ်ဆေးဝါးများဖြင့် ဆက်လက်ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာချီလိတ်ကနေ ထွက်သည့် ယာဉ်များကို လက်နက်ခဲယမ်း နှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ခြင်း ရှိ မရှိ စစ်ဆေးနေသည့် ပူးပေါင်းအဖွဲ့က ယာဉ်များကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့က စစ်ဆေးနေစဉ် ယာဉ်လိုင်းတစ်ခု၏ Probox ခဲရောင် မော်တော်ယာဉ်အတွင်းက အက်တစီဆေးပြား (၁၉၇၀)ပြားကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို လားရှို့သို့ ပါဆယ်ထုတ်ကာ ပေးပို့ခြင်း ဖြစ်ကြောင်းနှင့် ဆက်လက်စစ်ဆေးမှုအရ ပါဆယ်ပေးပို့သူများဖြစ်သည့် ဖရော်မိုင်နှင့် ဇဒေါင်တို့နှစ်ဦးအား ဖမ်းဆီးရမိပြီး နေအိမ်ကိုလည်း ဆက်လက်ရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည်။

၎င်းတို့၏ နေအိမ်ဖြစ်သည့် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)ရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား (၂၅၄၀)ပြာဂ၊ အက်တစီမှုန့် (၆၀၀)ဂရမ် နှင့် စိတ်မပြောင်းမူးယစ်ဆေးဝါးအသစ်ဖြစ်သည့် Happy Water ဆေးအမှုန့် (၆)ကီလိုဂရမ်ကျော် အပြင် ကတ်တမင်ဆေးအမှုန့် (၁)ကီလိုဂရမ်တို့ကို တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် ဖရော်မိုင်၊ ဇဒေါင် နှင့် ကျိန်ရှန်မို(ခ)အားမှုံတို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မယ(ပ)၅/၂၀၂၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ  ၁၉(က)/၂၁အရ လည်းကောင်း၊ မယ(ပ)၆/၂၀၂၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ  ၁၉(က)/၂၁အရ လည်းကောင်း အမှု(၂)ခု ခွဲ၍ အမှုများဖွင့်လှစ်ထားရှိကြောင်း သိရသည်။