တာချီလိတ်တွင် ဓါးဖြင့်ခုတ်၊ ဆိုင်ကယ်လုယူမှုများ ဆက်တိုက်နီးပါး ဖြစ်ပွားနေ

တာချီလိတ်တွင် ဓါးဖြင့်ခုတ်၊ ဆိုင်ကယ်လုယူမှုများ ဆက်တိုက်နီးပါး ဖြစ်ပွားနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်၊ ရိုက်နှက် ဆိုင်ကယ်လုယူမှုများ ယခုလပိုင်းများအတွင်း ဆက်တိုက်နီးပါး ဖြစ်ပွားလာနေကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ် ပုန်းထွန်ရပ်ကွက်အတွင်း တပ်ပိုင်မြေအနီးရှိသည့် သောက်ရေသန့်စက်ရုံအနီးတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ ညပိုင်းက ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦးအား လူ (၃)ဦးက ဓါးဖြင့်ခုတ်၍ ဆိုင်ကယ်လုယူသွားကြောင်း သိရသည်။

“မနေ့က ပုန်းထွန်လမ်း yellow sprite သောက်ရေသန့်နားမှာ ည (၉)နာရီကျော်လောက် ဆိုင်ကယ်စီးလာတဲ့တစ်ယောက်ကို လူ(၃)ယောက်က ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ်လုသွားတယ်။ အဲဒီနားမှာဖြစ်တာ သုံးလေးခါလောက်ရှိနေပြီ။ အရင်က အဲဒီလမ်းက ကားရပ်တာတွေမရှိတော့ လမ်းကမြင်နေရတယ်။ အခုက ကားတွေရပ်လာကြတော့ ကားကြားမှာပုန်းပြီး လုလာကြတာ”ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် ပြောသည်။

အလားတူ ပုံလို့လမ်း နှင့် ဝမ်မိုင်ရွာဘက်တွင်လည်း မကြာခဏဖြစ်ပွားနေသည်ဟု သိရသည်။

“တာချီလိတ်မှာ အရင်က ဆိုင်ကယ်ဝင်ခိုးတာပဲ စိတ်ပူရတာ။ အခုက ဓါးနဲ့ခုတ်၊ ရိုက်နှက်လုတာတွေပါ ပေါလာတယ်။ ဖြစ်သွားရင် ဖမ်းမိတယ်လည်း မကြားရဘူး။”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းသို့ ရိုက်နှက်လုယူခံရသူများတွင် ဆိုင်ကယ်အငှားပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် ရွှေတာချီခရီးသွားလုပ်ငန်းမှ အသင်းသားတစ်ဦလည်းပါဝင်ပြီး ဒီဇင်ဘာလ (၅)ရက်နေ့က ခရီးသည်သွားကြိုစဉ် ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအတွင်း ရိုက်နှက်၍ ဆိုင်ကယ်လုယူခံခဲ့ရခြင်းဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ယခင်က ဆိုင်ကယ်ခိုးယူခံရမှု မကြာခဏဖြစ်ပွားနေရာမှ စစ်တပ်က အာဏာသိမ်းပြီးကာလများတွင် ခိုးမှုအပြင် နေ့ခင်းပိုင်းအချိန်များတွင်ပါ ဓါးဖြင့်ခုတ်၊ ရိုက်နှက်၍ ဆိုင်ကယ်လုယူမှုများပါ ထပ်တိုးဖြစ်ပွားလာနေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်သူ မှန်သမျှအား ရဲတပ်ဖွဲ့ နှင့် စရဖ(စရတ)တို့က လိုက်လံဖမ်းဆီးမှုများ ပြုလုပ်သော်လည်း ယခုလို ဓါးဖြင့်ခုတ်ကာ ဆိုင်ကယ်လုယက်သူများကိုတော့ ဖမ်းဆီးနိုင်စွမ်းမရှိကြောင်း ဒေသခံများက ဆိုသည်။