ကမ္ဘာ့အချမ်းသာဆုံး အိန္ဒိယ သူတောင်းစား

ကမ္ဘာ့အချမ်းသာဆုံး အိန္ဒိယ သူတောင်းစား
ဇူလိုင် 15, 2023 | နိုင်ငံတကာသတင်း
By Mr John

 အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ သူတောင်းစားတစ်ဦးမှာ ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစားဖြစ်လာကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြကြသည်။ 

မွမ်ဘိုင်းမြို့၏ လမ်းမများပေါ်တွင် လှည့်ပတ်တောင်းရမ်းနေသည့် ဘာရတ်ဂျိန်းဆိုသူ အိန္ဒိယသူတောင်းစားမှာ ယခုအခါ အိန္ဒိယရူပီး (၇.၅) ကုဋေ(အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး) စုဆောင်း ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

အိန္ဒိယသတင်းစာ Economic Times ၏ အဆိုအရ ဘာရတ်မှာ ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစားဖြစ်ပြီး ၎င်းကို မွမ်ဘိုင်းမြို့၏ လမ်းမများပေါ်တွင် တွေ့နိုင်ကြောင်း သိရသည်။ 

ဘာရတ်၏ မိသားစုတွင် ဇနီးနှင့် သား (၂) ဦးအပြင် ၎င်းတွင် ဖခင်နှင့် ညီတို့လည်း ရှိနေကြသေးသည်။ 

ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစား ဘာရတ်က မွမ်ဘိုင်းမြို့တွင် အိပ်ခန်း (၂) ခန်း၊ ဧည့်ခန်းနှင့် မီးဖိုချောင် ပါဝင်သော ရူပီး (၁.၂) ကုဋေတန် တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ထားသည်။ 

ထို့အပြင် မွမ်ဘိုင်းမြို့အပြင်ဘက်ရှိ Thane မြို့တွင် ဆိုင်ခန်း (၂)ခန်း ပိုင်ဆိုင်ထားသေးပြီး တစ်လလျှင် ရူပီး (၃၀,၀၀၀) ဖြင့် အငှားချထားကြောင်း သိရသည်။

ဘာရတ်က မွမ်ဘိုင်းမြို့ရှိ ထင်ရှားသည့် Chhatrapati Shivaji Maharaj Terminus (CSMT) ရထားဘူတာရုံ သို့မဟုတ် Azad Maidan အားကစားကွင်းတွင် တောင်းရမ်းလေ့ရှိသည်။ 

ပိုင်ဆိုင်မှုများဖြင့် ချမ်းသာကြွယ်ဝသူ ဖြစ်လာသော်လည်း ဘာရတ်က အိန္ဒိယ၏ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမြို့၏ လမ်းမများပေါ်တွင် ဆက်လက် တောင်းရမ်းနေဆဲ ဖြစ်သည်။

လူအများအပြားမှာ ရူပီးငွေ ရာဂဏန်းမျှရရှိရန် နာရီနှင့်ချီ ကြာမြင့်စွာ အလုပ်လုပ်ကိုင်ပြီး ရုန်းကန်နေကြရစဥ် ဘာရတ်ကမူ တစ်ရက်လျှင် (၁၀) နာရီမှ (၁၂) နာရီအတွင်း ရူပီး (၂,၀၀၀) မှ (၂,၅၀၀) ဝင်ငွေရရှိနေသည်။ 

ဘာရတ်နှင့် ၎င်း၏ မိသားစုက မွမ်ဘိုင်းမြို့ Parel ရပ်ကွက်ရှိ အိပ်ခန်း (၁) ခန်း၊ ဧည့်ခန်းနှင့် မီးဖိုချောင် ပါဝင်သော (၂) ခန်းတွဲ တိုက်ခန်းတွင် နေထိုင်ကြသည်။

ဘာရတ်၏ ကလေးများက ပညာသင်ယူနိုင်ကြပြီး ၎င်း၏ အခြား မိသားစုဝင်များက စာရေးကိရိယာဆိုင် ဖွင့်ထားကြသည်။

မိသားစုက ဆက်လက် တောင်းရမ်းခြင်းမပြုရန် အကြံပြုတိုက်တွန်းကြသော်လည်း ဘာရတ်က ၎င်းတို့၏ အကြံပြုမှုကို လက်မခံဘဲ တောင်းရမ်းသည့်အလုပ်ကို ဆက်လုပ်နေဆဲ ဖြစ်သည်။

 

Source: Hindustan Times