ကချင်ပြည်နယ်တွင် တစ်ရက်တာအတွင်း ရဲတပ်ရင်းစခန်း၊ စစ်တပ်စခန်းတို့ကို KIA က သိမ်းပိုက်ထားပြီး စစ်တပ်က KIA စခန်းကို လေကြောင်းမှ တိုက်ခိုက်

ကချင်ပြည်နယ်တွင် တစ်ရက်တာအတွင်း ရဲတပ်ရင်းစခန်း၊ စစ်တပ်စခန်းတို့ကို KIA က သိမ်းပိုက်ထားပြီး စစ်တပ်က KIA စခန်းကို လေကြောင်းမှ တိုက်ခိုက်
ဧပြီ 1, 2021 | နိုင်ငံရေး

ကချင်ပြည်နယ်အတွင်း ရဲတပ်ရင်းစခန်း (၁) ခု၊ စစ်တပ်စခန်း (၁) ခုနှင့် စစ်တပ်ယာဉ်တန်းတစ်ခုတို့ကို KIA က ၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့ တစ်ရက်အတွင်း တိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ်က KIA တပ်မဟာ (၈) ဌာနချုပ်ကို လေကြောင်းမှ တိုက်ခိုက်ကြောင်း Kachin Liberation Media က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်းကို KIA တပ်မဟာ ၃ လက်အောက် တပ်ရင်း ၁၂ တပ်ဖွဲ့က နံနက် (၃)နာရီဝန်းကျင်တွင် ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ရင်းက ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။



ယင်းနောက် နံနက် ၉ နာရီကျော်တွင် ပူတာအိုမြို့နယ် ဆွမ်ပီယာန်တွင် အခြေစိုက်ထားသည့် ခလရ ၁၃၈၊ ၄၆ ပူးပေါင်း တပ်စခန်းကို KIA တပ်မဟာ ၁ လက်အောက် တပ်ရင်း ၇ တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ နံနက် (၁၁) နာရီအချိန်တွင် တပ်စခန်းကို သိမ်းပိုက်ရရှိကြောင်း သိရသည်။

ညနေပိုင်းတွင် မိုးညှင်းမြို့ အနောက်ခြမ်း မော်ဟန်ကျေးရွာမှ  နမ့်ခီမော်သို့ ဦးတည်လာသည့် အာဏာသိမ်း စစ်တပ်၏ ယာဉ်တန်းကို KIA တပ်မဟာ ၈ လက်အောက် တပ်ရင်း ၃၅ တပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကား (၄) စီးပျက်စီးသွားကြောင်း သိရပြီး မြစ်ကြီးနားမြို့နယ် ဂတ်ရှန်ယာန်ကျေးရွာအလွန် လွယ်ခေါ်ကျေးရွာ အဝေးပြေးလမ်းတွင် လေယာဉ်ဆီသယ်လာသည့် မော်တော်ယာဉ်အား KIA က ယာဉ်မောင်းကို ဆင်းစေပြီး ကားကိုပစ်ခတ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ညနေ ၄ နာရီခွဲဝန်းကျင်တွင်  KIA တပ်မဟာ ၈ ဌာနချုပ်ကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ကြောင်း သိရသည်။