တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးအား ပြည်သူများက ဖမ်းဆီးပြီး ရဲလက်မအပ်တော့ဘဲ ဝိုင်းဝန်း စစ်ဆေးရာမှ ခိုးသွားသည့် ဆိုင်ကယ် ပြန်ရ

တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးအား ပြည်သူများက ဖမ်းဆီးပြီး ရဲလက်မအပ်တော့ဘဲ ဝိုင်းဝန်း စစ်ဆေးရာမှ ခိုးသွားသည့် ဆိုင်ကယ် ပြန်ရ
အောက်တိုဘာ 22, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)ဈေးအနီးရှိ တိုက်ခန်းတွင် ဆိုင်ကယ်လာခိုးသူအား ပြည်သူများမှ ဝိုင်းဖမ်းပြီး ရဲလက်မအပ်တော့ဘဲ မိမိအစီအစဉ်ဖြင့် စစ်ဆေးမှုများ ပြုလုပ်ရာမှ ခိုးသွားသည့် ဆိုင်ကယ်ပြန်ရပြီး ဆိုင်ကယ်ခိုးသူသည် အဖွဲ့ဖြင့် လှုပ်ရှားကာ ဆိုင်ကယ် အစီးရေများစွာ ခိုးယူထားသူ ဖြစ်နေကြောင်း သိရသည်။ 

"ဆိုင်ကယ်လည်း ပြန်ရလာပြီ။ သူတို့က ခိုးထားတာအများကြီးပဲ လဲထားတဲ့ ကာဗာတွေလည်း အများကြီးပဲ။ လွယ်စတုံဘက်မှာနေတာ။ အိမ်ထဲမှာ ဆေးချထားတာလည်း တွေ့တယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)ဈေးအနီးရှိ တိုက်ခန်းတွင် ဆိုင်ကယ်အား ယနေ့ အောက်တိုဘာလ(၂၂)ရက်နေ့ နံနက်က လာခိုးရာ ဆိုင်ကယ်သူခိုးသည် ဆိုင်ကယ်အား ဇက်သော့ချိုးနေစဉ် အနီးနေပြည်သူများက တွေ့ရှိပြီး ဝိုင်းဖမ်းရာ ဆိုင်ကယ်သူခိုး (၂)ဦးအနက် တစ်ဦးသည် ဆိုင်ကယ်အား မောင်းပြေးသွားသော်လည်း ကျန်တစ်ဦးမှာ ပြည်သူများက ဝိုင်းဖမ်းမှုကြောင့် ဖမ်းခံလိုက်ရကြောင်း သိရသည်။

ဖမ်းမိသည့် သူခိုးအား အနီးနေပြည်သူများက ဝိုင်းဝန်းစစ်ဆေးမေးမြန်းပြီး ဆိုင်ကယ်ယူသွားသူ၏ နေရာအား လိုက်လံပြသခိုင်းရာမှ လွယ်စတုံရှိ နေအိမ်တွင် ဆိုင်ကယ်အား ပြန်လည်တွေ့ရပြီး ယခင်က ခိုးထားသည့် ဆိုင်ကယ်များ၏ ကာဗာများလည်း များစွာ တွေ့ခဲ့ရကြောင်း နှင့် နေအိမ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲထားသည်များလည်း တွေ့ရကြောင်း သိရသည်။

"အရင်တုန်းက ဆိုင်ကယ်သူခိုးမိလို့ ရဲလက်အပ်လိုက်တယ်။ အပ်ပြီး (၂)ရက် (၃)ရက်နေတော့ အဲ့ဒီသူခိုးကို တခြားမှာ ပြန်တွေ့ရတယ်။ သဘောကတော့ဗျာ သူခိုးကို ပြည်သူက ဖမ်းပေးလည်း ထိထိရောက်ရောက် အရေးယူတာမရှိဘူး။ အဲ့တော့ ပြည်သူတွေလည်း ဒီနည်းနဲ့လုပ်မှပဲ ရတော့မယ်"ဟု အမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးမှုများ နေ့စဉ် ဖြစ်ပွားနေသော်လည်း နိုင်ငံ့အာဏာသိမ်းခံထားရသည့် ရက်ပေါင်း (၂၆၀)ကျော်အတွင်း အောက်တိုဘာလ၏ ပထမပတ်အတွင်းက ဆိုင်ကယ်(၁၈)စီး နှင့် ဆိုင်ကယ်သူခိုး (၂၁)ဦးတို့ကို ဖမ်းဆီးရမိကြောင်း သိရသော်လည်း ရဲတပ်ဖွဲ့က ဆိုင်ကယ်ခိုးသူ၏ အမည်နှင့်ပုံများကို ထုတ်ဖော်ခြင်းမရှိပေ။



ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးကို ရဲတပ်ဖွဲ့က ထိထိရောက်ရောက် ဖမ်းဆီးအရေးယူခြင်း မရှိ၍ ပြည်သူများက ကိုယ်တိုင် ဖမ်းဆီးနေရ