တာချီလိတ်မြို့တွင်းသို့ Covid-19 စစ်ဆေးရေးဂိတ်ကို မဖြတ်ဘဲ ခိုးဝင်ပေါက်များမှ ဝင်လာပါက အရေးယူမည်

တာချီလိတ်မြို့တွင်းသို့ Covid-19 စစ်ဆေးရေးဂိတ်ကို မဖြတ်ဘဲ ခိုးဝင်ပေါက်များမှ ဝင်လာပါက အရေးယူမည်
အောက်တိုဘာ 19, 2020
By Tachileik News Agency

 

တာချီလိတ်မြို့တွင်းသို့ Covid-19 စစ်ဆေးရေးဂိတ်ကို မဖြတ်ဘဲ ခိုးဝင်ပေါက်များမှ ဝင်လာပါက အရေးယူမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးအတွက် မြို့တွင်းလာရောက်သူများအနေဖြင့် မြို့အဝင်ရှိ Covid-19 စစ်ဆေးရေးဂိတ်များမှ အစစ်ဆေးခံပြီး ဝင်ရောက်လာကြရန် မြို့နယ် COVID ကော်မတီက မေတ္တာရပ်ခံထားပြီး လိုက်နာခြင်းမရှိသူများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ခိုးဝင်လို့ရတဲ့ အပေါက်တွေလည်း ကျွန်တော်တို့မြို့မှ ာရှိပါတယ်။ Quarantine ဝင်ရမယ့်မြို့က လာတယ်။ Quarantine မဝင်ချင်လို့ ခိုးဝင်တာတွေလည်းရှိကောင်း ရှိမှာပေါ့။ ဘယ်နေရာကပဲလာလာ တရားဝင်ဂိတ်တွေကပဲဝင်ဖို့။ ပြည်သူလူထုတွေကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ အခြားဒေသကလာလို့ရှိရင် ကျွန်တော်တို့ကို သတင်းပေးပို့ဖို့၊ ဒီလိုမှမဟုတ်ဘဲ Quarantine ဝင်ရမယ့်မြို့တွေကလာတယ်။ Quarantine လည်းမဝင်ဘူး။ ခိုးဝင်ပေါက်တွေကလည်းဝင်တယ်။ မြို့ထဲမှာလည်း လျှောက်သွားတယ်။ ဒီလိုတွေစစ်လို့ ပေါ်ပေါက်တယ်ဆိုရင် နောက်ဆုံးညွှန်ကြားချက်အရ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမှာပေါ့။ ထောင်ဒဏ်က (၂) နှစ်၊ (၃) နှစ်အထိ ကျခံရနိုင်တဲ့ အနေအထားပါ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁၉)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့တွင်းသို့ ကျိုင်းတုံဘက်မှ ဝင်ရောက်ပါက မယ်ယန်းကျန်းမာရေးစစ်ဆေးရေးဂိတ်၊ မိုင်းဆတ်၊ မိုင်းတုံဘက်မှ လာရောက်ပါက လွယ်တော်ခမ်းနှင့် ဟွေရဲဂိတ်တို့တွင် ကျန်းမာရေးစစ်ဆေးဂိတ်များထားရှိပြီး ခရီးသွားရာဇဝင် စစ်ဆေးခြင်း၊ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို Test Kid ဖြင့် COVID-19 ရောဂါစစ်ဆေးမှုများကို မနက် (၉) နာရီမှ (၁၁) နာရီအထိ၊ ညနေ (၃) နာရီမှ (၆) နာရီအထိ နှစ်ကြိမ်စစ်ဆေးပေးနေကြောင်း သိရသည်။
“တာချီလိတ်မြို့ကို ဝင်လာလို့ရှိရင် Facility Quarantine ဝင်ရမယ့်မြို့နယ်တွေက လက်ရှိ Stay at Home သတ်မှတ်ထားတဲ့မြို့နယ်တွေပေါ့။ ဒါကလည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ မြို့နယ်တွေပေါ့။ ကျန်တဲ့မြို့တွေဆိုရင် ဝင်စရာမလိုပါဘူး။ ဒါပေမယ့်ခရီးသွားထောက်ခံချက်တော့ လိုပါတယ်။ ခရီးသွားထောက်ခံချက်မပါရင်တော့ ဘယ်မြို့ကလာလာ Quarantine ဝင်ရပါမယ်။ ရှမ်းပြည်နယ်အတွင်းကလာရင် ဝင်စရာမလိုပါဘူး။ ညွှန်ကြားချက်လည်းမရှိပါဘူး”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
တာချီလိတ်မြို့ဝင်ဂိတ်များဖြစ်သည့် မယ်ယန်း၊ လွယ်တော်ခမ်းနှင့် ဟွေရဲဂိတ်တို့တွင် ကျန်းမာရေးစစ်ဆေးရေးစခန်းများဖွင့်လှစ်ထားရှိပြီး မယ်ယန်းကျန်းမာရေးစစ်ဆေးရေးစခန်းတွင် မနက် (၆) နာရီမှ ည (၁၂) နာရီအထိ စစ်ဆေးမှုများ လုပ်ဆောင်ပေးနေသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~