အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ဖွဲ့ထားသည့် သတင်းမီဒီယာကောင်စီကိုသုံး၍ ကျောင်းများတွင် နိုင်ငံရေးဝါဒဖြန့်ရန် စီစဉ်နေ

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ  ကတိသစ္စာပြုခြင်း အခမ်းအနား [ 24.11.2021]
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနား [ 24.11.2021]
အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ဖွဲ့ထားသည့် သတင်းမီဒီယာကောင်စီကိုသုံး၍ ကျောင်းများတွင် နိုင်ငံရေးဝါဒဖြန့်ရန် စီစဉ်နေ
ဇန်နဝါရီ 15, 2022 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ဖွဲ့စည်းပေးထားသည့် သတင်းမီဒီယာကောင်စီကိုသုံး၍ ကျောင်းများတွင် နိုင်ငံရေးဝါဒဖြန့်နိုင်ရေး စီစဉ်နေသည်ကို တွေ့ရသည်။

အဆိုပါ အစီအစဉ်ပြုလုပ်မည့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ကျောင်းများစာရင်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ကြရန်ကိုလည်း ရှမ်းရှေ့ပြည်နယ်ပညာရေးမှူးရုံးခွဲက တောင်းထားသည်ကို တွေ့ရသည်။

အာဏာစသိမ်းကတည်းက သတင်းသမားများနှင့် သတင်းဌာနများကို စွပ်စွဲဖမ်းဆီးပိတ်ပင်မှုများလုပ်နေသည့် အာဏာသိမ်းအဖွဲ့က စိတ်တိုင်းကျဖွဲ့စည်းပေးလိုက်သည့် သတင်းမီဒီယာကောင်စီက အခြေခံပညာကျောင်းသူကျောင်းသားများအား လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများအပေါ်တွင် သတင်းအမှန်/သတင်းအမှား ခွဲခြားနိုင်ရေးအတွက် ပညာပေးဆွေးနွေးမည်ဟု ဆိုထားသည်။

၎င်းတို့ဘာသာစစ်သည့် စာရင်းအရ မဲစာရင်းမှား၍ဟု အကြောင်းပြကာ အာဏာသိမ်းထားသည့် အဖွဲ့က လက်ရှိအချိန်ထိ ၎င်းတို့အကြောင်းပြထားသည့် မဲစာရင်းနှင့်ပတ်သက်၍ တိတိကျကျ ပြသနိုင်ခြင်းမရှိဘဲ အာဏာသိမ်းမှုအောင်မြင်ရန် (၁၀)လကျော်လာသည်အထိ နည်းလမ်းမျိုးစုံသုံး၍ အကြမ်းဖက်နှိမ်နှင်းနေပြီး စာသင်ကျောင်းများတွင်ပါ နိုင်ငံရေးဝါဒဖြန့်ရန် လုပ်ဆောင်လာသည်ကို တွေ့ရခြင်းဖြစ်သည်။

အာဏာသိမ်းမှုအား ငြိမ်းချမ်းစွာဆန့်ကျင်ခဲ့ကြသည့် ကျောင်းသား လူငယ်မရှောင် အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းခဲ့သည့် အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ အာဏာသိမ်းခြင်းမှာ မှန်ကန်သင့်မြတ်လှပြီး အာဏာသိမ်းခြင်းကို လက်မခံသူများက အကြမ်းဖက်များဖြစ်ကြောင်းစသဖြင့် ဝါဒဖြန့်ခြင်းကို နိုင်ငံပိုင်ရုပ်သံများ၊ သတင်းဌာနများမှ တစိုက်မတ်မတ် ဝါဒဖြန့်နေသည့်အပြင် ရဟတ်ယာဉ်များသုံး၍ ဝါဒဖြန့်စာများ ကြဲချခြင်းကိုလည်း လုပ်ဆောင်ခဲ့သည့်အပြင် လက်ရှိတွင် ကျောင်းများတွင်ပါ ဝါဒဖြန့်နိုင်ရန် ကြိုးစားလာသည်ကို တွေ့ရခြင်းဖြစ်သည်။