ပြည်သူ့ဘဏ္ဍာငွေများဖြင့် လက်နက်ကိုင် အကြမ်းဖက်နေသည့် အာဏာသိမ်းစစ်တပ်က PDF နှင့် NLD ကို ကြောက်လန့်ကာ ပြည်သူအပေါ် ခြိမ်းခြောက် စာကပ်

ပြည်သူ့ဘဏ္ဍာငွေများဖြင့် လက်နက်ကိုင် အကြမ်းဖက်နေသည့် အာဏာသိမ်းစစ်တပ်က PDF နှင့် NLD ကို ကြောက်လန့်ကာ ပြည်သူအပေါ် ခြိမ်းခြောက် စာကပ်
နိုဝင်ဘာ 17, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်တပ်က PDF နှင့် NLD တို့အား  လက်မခံရန် ရည်ညွှန်းသည့် ပြည်သူအပေါ် ခြိမ်းခြောက်စာများကို မိတ္ထီလာနှင့် ဝမ်းတွင်းမြို့နယ်တို့တွင် လမ်းဘေးများ၌ လိုက်လံ ကပ်နေကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နှင့် ဝမ်းတွင်းမြို့နယ်တို့တွင် ယနေ့ နိုဝင်ဘာလ(၁၇)ရက်နေ့တွင်  NLD ပါတီ နှင့် PDF တို့အား အမြစ်ပြတ်ချေမှုန်းရေး ခြိမ်းခြောက်စာများကို စစ်တပ်က လိုက်လံ ကပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အာဏာသိမ်းစစ်တပ်သည် လက်နက်ခဲယမ်းဖြည့်တင်းရန်အတွက် နိုင်ငံ့ဘဏ္ဍာကိုအများအပြား သုံးစွဲထားပြီး နိုင်ငံ့အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းလိုက်ပြီးနောက် ၎င်းတို့အား ဆန့်ကျင်တော်လှန်ကြသည့် ပြည်သူများကို ခေါင်းစဉ် အမျိုးမျိုးတပ်ကာ ဖမ်းဆီးမှုများ အကြမ်းဖက်ခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

"စခ တွေက ပြည်သူ့ဘဏ္ဍာငွေနဲ့ လက်နက်တွေ ဝယ်ပြီး ပြည်သူကို ပြန်သတ်နေတာ။ သူတို့ကို ဆန့်ကျင်သူမှန်သမျှ ဘုံရန်သူဆိုပြီး သတ်မှတ်ပြီးတော့ လုပ်နေတာ။ PDF နဲ့ မသက်ဆိုင်တဲ့ အိမ်အချို့လည်း အလကားနေ ချိတ်ပိတ်တာတွေလုပ်တယ်။ ခုလည်း PDF ကို အကြောက်အလန့်ဖြစ်ပြီး ခြိမ်းခြောက်စာတွေ လိုက်ကပ်နေတယ်။ အကြောက်ပိုနေတဲ့ စခတွေပဲဗျာ"ဟု မိတ္ထီလာဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းစစ်တပ်က ယခုလို ပြည်သူအပေါ် ခြိမ်းခြောက်စာများကို မိတ္ထီလာခရိုင်အတွင်းသာ မကဘဲ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ဒေသတော်တော်များများတွင် ကပ်ထားမှုများရှိကြောင်း သိရသည်။