စစ်အုပ်စုအား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရန်နှင့် ICC ကို အမြန်ဆုံးလွှဲပြောင်းရေး ကုလလုံခြုံရေးကောင်စီကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန တိုက်တွန်း

စစ်အုပ်စုအား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရန်နှင့် ICC ကို အမြန်ဆုံးလွှဲပြောင်းရေး ကုလလုံခြုံရေးကောင်စီကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန တိုက်တွန်း
ဇန်နဝါရီ 5, 2022 | အခြားဒေသများ

အကြမ်းဖက်လုပ်ရပ်များ လုပ်နေသည့် စစ်အုပ်စုအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စာရင်းသွင်းကြေညာရေးကို ချက်ချင်းဆောင်ရွက်ရန်နှင့် ၎င်းတို့၏ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာတရားရုံးသို့ လွှဲပြောင်းပေးရေးအတွက် လုံခြုံရေးကောင်စီအား NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ကရင်နီ (ကယား)ပြည်နယ်တွင်း အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုအပါအဝင် အကြမ်းဖက်လုပ်ရပ်များကို အာဏာသိမ်းစစ်အုပ်စု၏ အမြင့်ဆုံးတာဝန်ရှိသူများက မဟာဗျူဟာတစ်ရပ်အဖြစ် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသည်ဟု NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အာဏာသိမ်းအဖွဲ့၏ တပ်မ ၆၆ က ပြီးခဲ့သည့် ခရစ္စမတ်အကြိုနေ့တွင် ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာတွင် အသက် ၁၂ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား (၄၂)ဦးကို ဖမ်းဆီးမီးရှို့သတ်ဖြတ်မှုနည်းတူ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင်လည်း အာဏာသိမ်းစစ်တပ်က အသက် ၁၈ နှစ်အောက် ကလေး ၅ ဦးအပါအဝင် (၁၁)ဦးကိုဒီဇင်ဘာလ (၇) ရက်နေ့က မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် ဇူလိုင်လအတွင်းကလည်း စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ကလေးသူငယ်များအပါအဝင် လူပေါင်း (၄၀)ဝန်းကျင်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ကျူးလွန်ထားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် ပြည်သူလူထုအား အကြောက်တရားဖြင့် ချုပ်ကိုင်ရန်ကြိုးစားနေသည့် အာဏာသိမ်းအဖွဲ့က အလားတူ အကြမ်းဖက်နည်းမျိုးစုံကို နေရာအနှံ့အပြားတွင် ကျူးလွန်ခဲ့ပြီး ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ဆန္ဒပြလူအုပ်အား အနောက်မှ ကားဖြင့်အရှိန်ပြင်းပြင်းဝင်တိုက်သည့်လုပ်ရပ်များကိုလည်း လုပ်ဆောင်ခဲ့သဖြင့် ကုလလုံခြုံရေးကေင်စီက အဆိုပါဖြစ်ရပ်အား ပြစ်တင်ရှုတ်ချထားခဲ့ပြီးဖြစ်သည်။