ဒဂုံဆိပ်ကမ်း ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး (၂)ဖွဲ့က တိုက်ခိုက်၊ အာဏာသိမ်းအဖွဲ့က လူငယ်တစ်ဦးကို သံသယဖြင့် ရိုက်နှက် ဖမ်းဆီးထား

ဒဂုံဆိပ်ကမ်း ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး (၂)ဖွဲ့က တိုက်ခိုက်၊ အာဏာသိမ်းအဖွဲ့က လူငယ်တစ်ဦးကို သံသယဖြင့် ရိုက်နှက် ဖမ်းဆီးထား
ဒီဇင်ဘာ 22, 2021 | အခြားဒေသများ

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးလမ်းမကြီးပေါ်ရှိ ဒဂုံဆိပ်ကမ်းရဲစခန်းကို  ယနေ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်ကြောင်း သတင်းထုတ်ပြန်ထားပြီး အာဏာသိမ်းအဖွဲ့က လူငယ်တစ်ဦးကို သံသယဖြင့် ရိုက်နှက်ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား ပြုလုပ်သည်ဟု ထုတ်ဖေါ်ကြေညာထားသည့် Area 21 ၏ မိတ်ဖက်ညီနောင်များဖြစ်ကြသည့် CGF-HTY နှင့် Yangon Federal Army-YFA တို့က ထိခိုက်မှုမရှိဘဲ အဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသော်လည်း အာဏာသိမ်းအဖွဲ့၏စစ်တပ်နှင့်ရဲက ပစ်ခတ်မှုများအပြီးတွင် ကားများဖြင့်လှည့်၍ရှာဖွေမှုအတွင်း လူငယ်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟုလည်း သိရသည်။

A ၆ လမ်းမှာ ကောင်လေးတစ်ယောက်ကို ရိုက်ပြီးဖမ်းသွားတာ တွေ့လိုက်တယ်။ မျက်နှာမှာလည်း သွေးတွေနဲ့။ ကားတန်းနဲ့ ပတ်နေတယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အတည်မပြုနိုင်သေးသည့်သတင်းများအရ ဆိုင်ကယ်စီးလာသည့် လူငယ်(၃)ဦးကို ဖမ်းဆီးသွားကြောင်းလည်း သိရသည်။

CGF-HTY နှင့် Yangon Federal Army-YFA တို့က ဒဂုံဆိပ်ကမ်းရဲစခန်းကို နံနက် ၅ နာရီ ၄၅ မိနစ်အချိန်က ဗုံးသီးနှစ်လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်အားလုံး ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်းအဖွဲ့က ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများဖြစ်ပွားပါက အနီးဝန်းကျင်တွေ့သည့် လူငယ်များကို ဖမ်းဆီးရာတွင် လက်နက်မဲ့သူများဖြစ်သည့်တိုင် အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခြင်းများကို လုပ်နေသည်ကို တွေ့နေရသည်။