လွိုင်ကော်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်မှ (၃)ဦးကို KNDF က အရှင် ဖမ်းမိ

Photo:  ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို
Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို
လွိုင်ကော်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်မှ (၃)ဦးကို KNDF က အရှင် ဖမ်းမိ
ဇန်နဝါရီ 11, 2022 | ကယား

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့က ဖြစ်ပွားသည့်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်သား (၃) ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO-PDF)၊ လွိုင်ကော်(PDF)၊ KNDF၊ KA KDF နှင့် GZ 21 တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  နံနက် (၈) နာရီခွဲမှ ည (၇) နာရီအထိ တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက်စစ်ကောင်စီတပ်သား (၃‌) ယောက်ကို KNDF က အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်တစ်ချို့သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ 

လွိုင်ကော်မြို့၊  ဒေါဥခူရပ်ကွက် အကျဥ်းထောင်ဘေးပတ်လည်တွင် ကင်းပုန်းချထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းတပ်များက တိုက်ခိုက်ရာ နေ့လယ် (၁၂) နာရီခွဲမှ  ညနေ (၄) နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ (၅) ဦးသေသည်ဟု သိရသည်။

တိုက်ပွဲပြင်းထန်ပြီးနောက် အာဏာသိမ်းစစ်တပ်က လွိုင်ကော်ကို တစ်နေ့အတွင်း လေကြောင်းမှ (၅) ကြိမ်တိုက်ခိုက်သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားကြရာတွင် တော်လှန်ရေးအဖွဲ့များဘက်က အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များ ဖမ်းမိပါက လူ့အခွင့်အရေးနှင့်အညီ ထိန်းသိမ်းမှုများကို တွေ့ရသော်လည်း နိုင်ငံ့ဘဏ္ဍာဖြင့် ရပ်တည်နေသည့် အာဏာသိမ်းစစ်တပ်ကမူ တိုက်ပွဲတွင်း ဖမ်းမိသူများကို ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်ကြသည်ကို တွေ့နေရသည်။

#TachileikNewsAgency