KNPP လှုပ်ရှားနယ်မြေအတွင်း  ခွင့်ပြုချက် မတောင်းဘဲ ဝင်လာသည့် စစ်ကောင်စီတပ် နှင့် KNPP တို့ကြား ပစ်ခတ်မှု ဖြစ်ပွား 

KNPP လှုပ်ရှားနယ်မြေအတွင်း  ခွင့်ပြုချက် မတောင်းဘဲ ဝင်လာသည့် စစ်ကောင်စီတပ် နှင့် KNPP တို့ကြား ပစ်ခတ်မှု ဖြစ်ပွား 
မေ 28, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နှင့် မော်ချီးဒေသကြားရှိ (၇) မိုင်ကုန်းနှင့် (၆) မိုင်အကြားတွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့ မွန်းလွဲ (၂)နာရီဝန်းကျင်က   KNPP နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားသည်။



တိုက်ပွဲဖြစ်တာက (၆)မိုင် နဲ့ (၇)မိုင် ကြားမှာ ဖာဆောင်း မော်ချီးသွားလမ်းမှာပေါ့။ ဖြစ်စဉ်ကတော့ တပ်ကနေလာတော့ ကျွန်တော်တို့ စောင့်ရင်းနဲ့ပစ်လိုက်တယ်။ အရမ်းတေ့ာမကြာဘူး (၁၆)မိနစ် လောက်ပဲရှိတယ်။ လက်နက်ငယ် (၁၅) ချက်ကျော်လောက် ပစ်တယ်။ တောင်ကုန်းပေါ်ကနေ ပစ်ချလိုက်တာပေါ့။ သူတို့လမ်းကြောင်းတော့ ဟုတ်ပေမဲ့ ကျွန်တော်တို့ကို ခွင့်ပြုချက်တော့ တောင်းရမှာပေါ့နော်။ ခွင့်ပြုချက်မတောင်းဘဲ သူတို့ ဖားဆောင်းကနေ မော်ချီကို တတ်ဖို့ပေါ့လေ။ ခွင့်ပြုချက်တောင်းသင့်တာပေါ့။ အဲဒီလိုမတောင်းဘဲ လာတဲ့အတွက် ကျွန်တော်တို့ဖက်က သတိပေးတဲ့အနေနဲ့ ပညာပေးပြီး ပစ်လိုက်တဲ့ သဘောမျိုးပါ။ အဲဒီအနီးနားက ကျေးရွာအချို့ကိုမေးကြည့်ချက်အရတော့ သူတို့ ဒဏ်ရာရတဲ့ (၃) ယောက်လောက်ကို သယ်ပြန်သွားတယ်လို့ သိရတယ်။ သူတို့တေ့ာ ဖားဆောင်းဖက်ကို လှည့်ပြန်သွားတယ်

ဟု  KNPP မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။ 

အဆိုပါ နယ်မြေကို ဖြတ်သန်းသွားလာမည်ဆိုပါက KNPP ထံ ခွင့်ပြုချက်တောင်းပြီး ဝင်လာရမည့် သဘောတူညီချက်ရှိထားခြင်းဖြစ်သော်လည်း အာဏာသိမ်းစစ်ကောင်စီ၏တပ်က သတင်းမပေးဘဲ ဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်တာ ကြားနေရတယ်။ စစ်တပ်ဖက်က မိုင်းထိလို့ဆိုလားပဲ လူနာတွေ နှစ်ယောက် သုံးယောက် သယ်သွားတာတွေ့တယ်။ အခုက ဒီနားက ရွာတွေအကုန်လုံးက လူတွေမရှိတော့ဘူး ။ အကုန်တောထဲမှာ စစ်ရှောင်နေကြပြီ။

ဟု ဒေသခံ တစ်ဦးကပြောသည်။ 

စစ်တပ်မှအာဏာသိမ်းပြီးနောက် KNPP နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်တို့ကြား တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် မေလ (၂၀)ရက်နေ့တွင် ဘောလခဲနှင့် ဖားဆောင်းအကြား KNPP ထိန်းချုပ်နယ်မြေအတွင်း နယ်မြေကျော်ရောက်လာသောကြောင့် တိုက်ပွဲ ပထမအကြိမ် ဖြစ်ပွားခဲ့ပြီး ယခု မေလ ၂၇ ရက်နေ့တွင်ထပ်မံ၍ ဒုတိယအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။