မိုင်းဆတ်မြို့နယ်အတွင်း နေရာ(၆)နေရာမှ တပ်မတော်က ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မိုင်းဆတ်မြို့နယ်အတွင်း နေရာ(၆)နေရာမှ တပ်မတော်က ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
မတ် 9, 2020
By Tachileik News Agency
မိုင်းဆတ်မြို့နယ်အတွင်း နေရာ(၆)နေရာမှ တပ်မတော်က  ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းနယ်မြေအတွင်း တပ်မတော်နယ်မြေရှင်းလင်း ရေးစစ်ကြောင်းက နေရာ (၆)ခုမှ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား မူးယစ်တပ်ဖွဲ့စု (၂၉)မိုင်းဆတ်သို့ ၂၀၂၀ခုနှစ် မတ်လ(၈)ရက်နေ့ ညနေပိုင်းက လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြား (၁၃၇,၃၀၀)ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့်(၁၅)ဂရမ်နှင့် ICE (Methamphetamine) (၈)ကီလိုဂရမ်ကို လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။

မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းထလန်းကျေးရွာအနီး ကမ်းပါးစောင်းတွင် မြေကြီးတူး ဝှက်ထားသော အဖြူ ရောင် ပလပ်စတစ်အိတ်အား တပ်မတော်နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ ၂၀၂၀ခုနှစ် မတ်လ(၅)ရက် နံနက်(၅)နာရီခွဲ ဝန်းကျင် အချိန်က တွေ့ရှိရာမှ အိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၃,၀၀၀)ပြားကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ညနေပိုင်းတွင် မိုင်းထလန်းကျေးရွာအနီး လူမနေသည့်  နေအိမ်(၅)လုံးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဝင်ရောက် ရှာဖွေရာမှ သွပ်မိုး၊ သွပ်ကာ (၃) အိမ်မြောက်တွင် ကျိုးကြေပျက်စီးကာ ပြန့်ကျဲနေသော စိတ်ကြွရူးသွပ်ဆေးအကြေ (၁၅)ဂရမ်ခန့်ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

မတ်လ(၇)ရက်က စတုန်းကျေးရွာအုပ်စု၊ မယ်ကြုတ်(၃)ကျေး ရွာအနီး လျှိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၀,၀၀၀)ပြားကို လည်းကောင်း၊ လွယ်ဆမ်ဆုံတောင် စောင်းတစ်နေရာ၌ မြေတူး၍ပြန်ဖို့ထားသည့် မသင်္ကာဖွယ်မြေနေရာအား တူးဖော်ကြည့်ရာမှ အဖြူရောင်ပီနံအိတ် (၂)လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေး ပြား စုစုပေါင်း (၁)သိန်းအား လည်းကောင်း၊ အဝါရောင်လက်ဖက်ခြောက်အိတ်အတွင်းထည့်လျက် ICE (Methamphetamine) (၈)ကီလိုဂရမ်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းထလန်း ကျေးရွာအနီး တောင်ယာဟောင်းတစ်ခုတွင် မြေကျင်းတူး၍ မြုပ်ထားသော အပြာရောင် ဆာလာအိတ်ငယ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၂,၀၀၀)ပြားကို လည်းကောင်း၊  မတ်လ (၈)ရက် နံနက်(၁၁)နာရီခွဲက စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ် (၂)ကျေးရွာ တောင်ယာသွားလမ်းတွင် စွန့်ပစ်ထားသော အဖြူရောင် ပလပ်စတစ်အတွင်းမှ WY စာတမ်းပါနီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂,၃၀၀)ပြားပါ တစ်ထုပ် ပိုင်ရှင်မဲ့သိမ်းဆည်း ရမိကြောင်းသိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မြေကြီးတူးဝှက်ထားမှုကို (ပ)၁၉/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် လည်းကောင်း၊ လူမနေအိမ်တွင်းမှ သိမ်းဆည်းရမိမှုကို မယ(ပ)၂၀/ ၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် လည်းကောင်း၊ မယ်ကြုတ်(၃)ကျေးရွာအနီး လျှိုအတွင်း သိမ်းဆည်းရမိမှုကို မယ (ပ)၂၁/ ၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် လည်းကောင်း၊ တောင်ယာဟောင်းတွင်မြေကျင်းတူးမြုပ်ထားမှုကို (ပ)၂၂/ ၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် လည်းကောင်း၊ လွယ်ဆမ်ဆုံတောင်းစောင်းတွင်သိမ်းဆည်းရမိမှုကို မယ(ပ)၂၃/ ၂၀၂၀၊ မူးစိတ်ပုဒ်မ-၁၉(က)ဖြင့် လည်းကောင်း၊ တောင်ယာသွားလမ်း သိမ်းဆည်းရမိသည့်အမှုကို မယ(ပ)၂၄/ ၂၀၂၀၊ မူးစိတ်ပုဒ်မ-၁၉(က)အသီးသီး အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်များကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - မြင့်မောင်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~