တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာ၍ အမက(ဟွေခိုက်)စာသင်ကျောင်း၌ Quarantine ထားသည့် (၁၆)ဦးအတွက် စားသောက်ရေးအတွက် စေတနာရှင်များ၏ အကူအညီများ လိုအပ်

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာ၍ အမက(ဟွေခိုက်)စာသင်ကျောင်း၌ Quarantine ထားသည့် (၁၆)ဦးအတွက် စားသောက်ရေးအတွက် စေတနာရှင်များ၏ အကူအညီများ လိုအပ်
နိုဝင်ဘာ 19, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာ၍ အမက(ဟွေခိုက်)စာသင်ကျောင်း၌ Quarantine ထားသည့် (၁၆)ဦး၏ စားသောက်ရေးအတွက် စေတနာရှင်များ၏ အကူအညီများ လိုအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့  ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့က ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူများအနက် (၁၆)ဦးကို တာချီလိတ်မြို့ မယ်ယန်းသွားလမ်းဘေးရှိ အမက(ဟွေခိုက်)စာသင်ကျောင်း၌ (၁၄)ရက် အသွားအလာကန့်သတ်ထားရာ အချို့မှာမိသားစုနေအိမ်များနှင့် အလှမ်းဝေးနေ၍ စားသောက်နေထိုင်ရေး အကူအညီလိုအပ်နေကြောင်း သိရသည်။
“ဒီမှာ ခြင်ထောင်တို့၊ စောင်တို့က ရှိတော့ရှိတယ်။ ပါးပါးလေးဖြစ်တော့ ဒီမှာက သမံတလင်းမှာ ဖျာတစ်ချပ်ပဲရှိတော့ စောင်ပါးလေးနဲ့ခင်းအိပ်ရတယ်။ တော်တော်အေးတယ်။ အသက်ကြီးတဲ့သူတွေလည်းပါတယ်။ ရက်ကလည်း အကြာကြီးနေရမှာဆိုတော့ အအေးပတ်ပြီး ဖျားမှာတွေ စိုးရိမ်တယ်။ အိမ်ကနေ့တိုင်း လာပို့ဖို့ဆိုတာကလည်း သူတို့လည်း အလုပ်အကိုင်နဲ့ဆိုတော့ တစ်နေ့ တစ်ခေါက်ပဲ သူတို့ပို့ပေးတာကိုမှ မျှတပြီး ချွေတာစားနေရတယ်။ ချက်ဖို့ပြုတ်ဖို့ အိုးနဲ့ ဆန်လေးနဲ့ရှိရင် အဆင်ပြေပါတယ်။ ရေတောင်မှ မနေ့ကမှ မီးသတ်ကားနဲ့ လာပို့ပေးမှ ရေချိုးရတယ်။ “ဟု တာချီလိတ်မြို့ ဟွေခိုက်ကျေးရွာစာသင်ကျောင်း၌ quarantine ဝင်နေသည့် ထိုင်းနေရပ်ပြန်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် နယ်စပ်မှပြန်ဝင်လာသည့် တာချီလိတ်ဒေသခံများကို တာချီလိတ်တွင် အသွားအလာကန့်သတ်၍ထားရာ၌ quarantine နေထိုင်ရမည့်နေရာနှင့် အဆိုပါနေရာအား စောင့်ကြည့်ပေးရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စီစဉ်ပေးပြီး စားသောက်စရိတ်ကို နေရပ်ပြန်များ၏ မိသားစုများက စီစဉ်ပေးရခြင်းဖြစ်သည်။
သို့သော် အမက(ဟွေခိုက်)စာသင်ကျောင်း၌ လက်ရှိအသွားအလာကန့်သတ်ထားသည့် ဘုန်းတော်ကြီး (၁)ပါးနှင့် လူ (၁၅)ဦးအနက် အချို့၏ မိသားစုများမှာ လာရောက်ပို့ဆောင်နိုင်ခြင်းမရှိသည့် အခက်အခဲများရှိနေ၍ quarantine နေရာတွင် ချက်ပြုတ်စားသောက်နိုင်ရန် အုပ်ချုပ်ရေးအဖွဲ့ထံ အကူအညီတောင်းထားကြောင်း သိရသည်။
“သူတို့စောင့်ပေးနေတဲ့သူတွေ တစ်ယောက်၊ နှစ်ယောက်တော့ရှိတယ်။ စလာတဲ့နေ့က ဥက္ကဌကလာတယ်။ သူကတော့ လိုတာရှိရင်ပြောပါလို့ပြောတယ်။ စောင့်တဲ့သူတွေကို ပြောလို့ရတယ်လို့ ပြောတယ်။ ပြောထားတာ အခု (၃)ရက်ရှိပြီ ဘာမှမထူးဘူးဖြစ်နေတယ်။ ဒီမှာက တစ်ချို့လူတွေက အဆင်ပြေတယ်။ တစ်ချို့တွေက အဆင်မပြေဘူးလေ။ အဲဒီတော့ အဆင်ပြေတဲ့သူတွေအိမ်က လာပို့တာကို ဝေမျှစားနေရတာဆိုတော့ မလုံမလောက်လေး စားနေရတယ်။ ကလေးတွေလည်း ရှိတယ်ဆိုတော့လေ။ နောက်ပြီး ကျောင်းအနောက်ဘက်က လယ်ကွက်လေ။ ခြင်တအားကိုက်တယ်။ တံခါးဖွင့်အိပ်ရင်လည်း လေတအားတိုက်တယ် “ဟု quarantine ဝင်နေသူတစ်ဦးက ပြောသည်။
ဟွေခိုက်ကျေးရွာစာသင်ကျောင်းတွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၁၅)ဦးနှင့် နေရပ်ပြန်လာသည့် ကလေးအား လာကြိုသည့်မိခင်တစ်ဦး စုစုပေါင်း (၁၆)ဦးတို့ quarantine နေထိုင်နေပြီး စောင်၊ခြင်ထောင်နှင့် ချက်ပြုတ်စားသောက်နိုင်ရန် အိုးခွက်ပန်းကန်နှင့် စားနပ်ရိက္ခာလိုအပ်နေကြောင်း သိရသည်။
အဆိုပါ အမက(ဟွေခိုက်)စာသင်ကျောင်းသည် တာချီလိတ်မြို့ မယ်ယန်းသို့ သွားသည့် လမ်းဘေး နှင့် အမှတ်(၅၂၆)တပ်ရင်းရှေ့လမ်း နှင့် အနီးမဝေးတွင်ရှိသည့် ကျောင်းဖြစ်သည်။
Tachileik News Agency

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~