တာချီလိတ် နှင့် မယ်ဆိုင်အကြား မှန်လုံယာဉ်ငယ်များကို သွားလာခွင့် (၁၄)ရက် ယာယီရပ်ဆိုင်းမည်ဆိုသည်မှာ မဟုတ်မမှန်

တာချီလိတ် နှင့် မယ်ဆိုင်အကြား မှန်လုံယာဉ်ငယ်များကို သွားလာခွင့် (၁၄)ရက် ယာယီရပ်ဆိုင်းမည်ဆိုသည်မှာ မဟုတ်မမှန်
သြဂုတ် 30, 2021 | Covid-19| ရှမ်းရှေ့

နယ်စပ်ဒေသ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နှင့် တာချီလိတ်တို့အကြား Covid-19 အခြေအနေကြောင့် ထိုင်းဘက်က မှန်လုံကုန်တင်ယာဉ်ငယ်များကို ဖြတ်သန်းသွားလာခွင့် (၁၄)ရက် ယာယီရပ်ဆိုင်းမည်ဟု သတင်းများထွက်ပေါ်နေသည်မှာ မဟုတ်ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးက အတည်ပြုပေးထားသည်။

ဩဂုတ်လ၏ နောက်ဆုံးပတ်အတွင်း မယ်ဆိုင်မြို့တွင် Covid-19 ကူးစက်ခံရမှု မြှင့်တက်လာသည့်အတွက် တာချီလိတ် နှင့် မယ်ဆိုင်အဆိုင် နေ့စဉ်သွားလာနေသည့် မှန်လုံယာဉ်ငယ်များကို ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှ စက်တင်ဘာလ(၁၄)ရက်နေ့အထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာသည်မှာ နှစ်ဖက်ညှိနှိုင်းချက်မဟုတ်သလို မြန်မာဘက် နှင့် ထိုင်းဘက်က တာဝန်ရှိသူများလည်း မသိရကြောင်း ဆိုသည်။

ဒီဖက်မှာလည်း ဘာသံမှမကြားပါဘူး သူဌေးကို မေးကြည့်တော့ ဒီဖက်က လူကြီးတွေလည်း အဲ့လို ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားထားတာမရှိသေးဘူးလို့ ပြောတယ်

ဟု မယ်ဆိုင်ဘက်တွင် ကုန်တင်ယာဉ်မောင်းသည့် မြန်မာတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေးတံတား(၂)စင်းရှိသည်အနက် လူသွားလူလာ နှင့် ဆိုင်ကယ်များသွားလာနိုင်သည့် အမှတ်(၁)တံတားအား Covid-19 ထိန်းချုပ်ရေးအတွက်ဟုဆိုကာ ထိုင်းဘက်က ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့ကစ၍ ပိတ်ထားလိုက်ပြီး ကုန်သွယ်ရေးအတွက်အသာ အသုံးပြုနိုင်သည့် အမှတ်(၂)တံတားကို ယနေ့အထိ ဖွင့်လှစ်ပေးထားရာ တံတား(၂)တွင် ကုန်သွယ်ရေးအတွက်သာ ယာဉ်ကြီး ယာဉ်ငယ်များသွားလာနေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၏ Covid-19 အခြေအနေမှာ (၄၃၃)ဦးအထိ ရှိနေပြီး သေဆုံးသူမှာ (၄)ဦးရှိကာ မြန်မာနိုင်ငံ တာချီလိတ်မြို့၏ Covid-19 အခြေအနေမှာ ကူးစက်ခံရသူ (၂၃၀၀)ဝန်းကျင်ရှိနေပြီး သေဆုံးသူမှာ အနည်းဆုံး (၇၀)အထက်ရှိနေသည်။

#TachileikNewsAgency