ဒီးမော့ဆို ဒေါဆိုရှေ့တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်က အထိနာပြီး လေကြောင်းပစ်ကူဖြင့် အလောင်းကောက်

Photo: KNDF
Photo: KNDF
ဒီးမော့ဆို ဒေါဆိုရှေ့တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်က အထိနာပြီး လေကြောင်းပစ်ကူဖြင့် အလောင်းကောက်
ဇန်နဝါရီ 9, 2022 | ကယား

ကရင်နီ (ကယား) ပြည် ဒီး‌မော့ဆိုမြို့နယ်၊ ဒေါဆိုရှေ့ကျေးရွာအနီးတွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့က စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA) နှင့် KNDF တို့မှ တိုက်ခိုက်ခဲ့ရာအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းပစ်ကူ (၃) ကြိမ်ဖြင့်တိုက်ခိုက်ပြီး သေဆုံးအလောင်းများ ပြန်သယ်သွားသည်ဟု သိရသည်။



 

ယင်းတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ သေဆုံးထိခိုက်များပြားပြီး နေ့လယ်ပိုင်းတွင် လေကြောင်းပစ်ကူဖြင့် (၃) ကြိမ်လာတိုက်ကာ လေကြောင်းပစ်ကူကို အကာအကွယ်ယူပြီး အလောင်းကောက်သွားကြကြောင်း သိရသည်။ 

 

 ယင်းတိုက်ပွဲတွင် အာဏာသိမ်းဆပ်ဘက်မှ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများကို KNDF က သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

ဒေါဆိုရှေ့တိုက်ပွဲအတွင်း ကရင်နီတပ်မတော်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး တိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း ထုတ်တ်ပြန်သည်။

 လွိင်ကော်မြို့ပန်ကန်းနှင့် မိုင်းလုံးရပ်ကွက်တို့တွင်လည်း ယနေ့မနက်ပိုင်းတွင် KNDF နှင့် PDF ပူးပေါင်း မဟာမိတ်အဖွဲ့များက နယ်မြေရှင်းလင်းရာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ယင်း နယ်မြေရှင်းလင်းမှုအတွင်း လက်နက်ငယ်တစ်လက်နှင့် လက်နက်ကြီး၊ လက်နက်ငယ် ကျည်အချို့ကို သိမ်းဆည်းရမိခဲ့‌ကြောင်း သိရသည်။

 ညနေပိုင်းတွင်  အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်သည် ရှားတောမြို့နယ်အတွင်းရှိ ကရင်နီတပ်မတော်၏ သင်တန်းကွင်းတစ်ခုကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှု တစ်စုံတရာမရှိခဲ့ဟု ထုတ်ပြန်သည်။