ကရင်နီပြည်နယ်တွင်း  အာဏာသိမ်းစစ်တပ်က ၎င်းတို့၏ လက်အောက်ခံ BGF စခန်းကို ဗုံးကြဲ တိုက်ခိုက်

ကရင်နီပြည်နယ်တွင်း  အာဏာသိမ်းစစ်တပ်က ၎င်းတို့၏ လက်အောက်ခံ BGF စခန်းကို ဗုံးကြဲ တိုက်ခိုက်
ဇန်နဝါရီ 9, 2022 | ကယား

ကရင်နီ (ကယား)ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်ရက်က အာဏာသိမ်းတပ်၏ နတ်တောင်ခြေကုပ်စခန်းကို KA နှင့် KNDF က သိမ်းပိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်က ၎င်းတို့၏ ကာကင်းစခန်းအနီးရှိ BGF ၁၀၀၅ စခန်းအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်းသိရသည်။

အဆိုပါ နတ်တောင်စခန်းကို သိမ်းယူခံရပြီး နာရီဝက်ဝန်းကျင်အကြာတွင် အာဏာသိမ်းစစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၎င်းတို့၏ကာကင်းစခန်းဘက်  ကြဲသွားသည်ကို တွေ့ရသဖြင့် ကိုယ့်စခန်းကို မှားယွင်းဗုံးကြဲသွားခဲ့သည်ဟု ယူဆမိပြီး KnAC က သတင်းထုတ်ပြန်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သို့သော် တိုက်ပွဲအပြီး ကရင်နီတပ်တော် (KA) နယ်မြေရှင်းလင်းသည့်အခါ ကာကင်းစခန်းကို ဗုံးကြဲခြင်းမဟုတ်ဘဲ အနီးရှိ BGF ၁၀၀၅ စခန်းပေါ်ကို ကြဲချခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည့်အပြင်  BGF စခန်း၏တပ်ကွင်းတွင် အလောင်း (၁၅)လောင်းဝန်းကျင်ကို မီးရှို့သဂြိုလ်ပေးနေသည်ကိုလည်း တွေ့ရသည်ဟု KnAC က ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

BGF တပ်ဖွဲ့သည် အာဏာသိမ်းစစ်တပ်လက်အောက်ခံအဖွဲ့ ဖြစ်သော်လည်း အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့် မိုဆိုရွာအနီး အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင်လည်း လာ၍တားမြစ်သည့်  BGF (၄)ဦးကို လက်ပြန်ကြိုးတုပ်၍ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့သည်ကိုလည်း တွေ့ရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ညီနောင် BGF များနှင့်အတူ စိတ်မကောင်းဖြစ်ရပါသည်ဟု ကရင်နီတပ်မတော်က ဖေါ်ပြခဲ့သည်။