မြန်မာ - ထိုင်းစက်ဘီးစီးအဖွဲ့၏ တာချီလိတ် - ကျိုင်းတုံ စက်ဘီးစီးခရီးစဉ် စတင်

မြန်မာ - ထိုင်းစက်ဘီးစီးအဖွဲ့၏ တာချီလိတ် - ကျိုင်းတုံ စက်ဘီးစီးခရီးစဉ် စတင်
ဒီဇင်ဘာ 15, 2019
By 🌸


မြန်မာ - ထိုင်းစက်ဘီးစီးအဖွဲ့၏ တာချီလိတ် - ကျိုင်းတုံ စက်ဘီးစီးခရီးစဉ် စတင်

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တခွင် အစီအစဉ်ဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်-ကျိုင်းတုံ- တာချီလိတ် (၃) ရက်တာ စက်ဘီးစီးခရီးစဉ်ကို စီးနင်းမည့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံမှ စက်ဘီးစီးသမားများ အဖွဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့ နံနက် (၇) နာရီခွဲတွင် တာချီလိတ်မှ စတင်ထွက်ခွာသည်။

အဆိုပါစက်ဘီးစီးခရီးစဉ်ဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့က ဒေသတာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ကြသည်ကို တွေ့ရသည်။

" နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပွဲလို့ နာမည်တပ်လို့ ရတာပေါ့။ ထိုင်းနိုင်ငံသားတွေ ဝင်လာနိုင်အောင် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီနဲ့ ညှိနှိုင်းပြီးတော့ စီစဉ်ပေးတာပေါ့။ လုံခြုံရေးအတွက်က တာချီလိတ်ခရိုင်နဲ့ ကျိုင်းတုံခရိုင်က ပူးပေါင်းပြီးတော့ ကြိုတင်စီမံပေးထားတာပါ။ အားကစားပွဲက ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအားကစားပွဲကလည်းရှိနေတော့ ဒုပြည်နယ်နဲ့ ခရိုင်စီမံခန့်ခွဲရေး ကော်မတီတွေကို စီမံချက်တွေ ရေးပြီးပို့ထားတာဆိုတော့ လုံခြုံရေးကိစ္စတွေကို သူတို့ စီမံထားတာပေါ့"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံသား (၆၄) ဦးနှင့် မြန်မာနိုင်ငံသား (၆၀) ကျော်ပါဝင်သည့် အပျော်တမ်းစက်ဘီးစီးအဖွဲ့သည် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှစတင်ထွက်ခွာရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်း၊ ခရိုင်နှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက တာချီမြို့ဝင်အထိ အတူလိုက်ပါစီးနင်းကြသည်။

"ထိုင်းနိုင်ငံသားတွေက မြန်မာနိုင်ငံသားတွေနဲ့ပေါင်းပြီး ကျိုင်းတုံထိစီးမယ်ဆိုတော့ ခရီးသွားလာခွင့်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ခွင့်ပြုချက်တောင်းခဲ့တယ်။ နဂိုကတည်းက ဒီလမ်းကြောင်းက Tourism လမ်းကြောင်း ခွင့်ပြုထားပြီးသားဖြစ်တယ်။ ဟိုတယ်ခရီးရော၊ လဝကရော ခွင့်ပြုချက်ယူပြီးတော့ သူတို့ကို စီးနင်းခွင့်ပြုတာပေါ့။ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ် မြို့နယ် (၃) မြို့နယ်ကို ဖြတ်သန်းစီးနင်းမှာဖြစ်တဲ့အတွက် ရှေ့မှာ လုံခြုံရေးပါမယ်။ လမ်းတလျှောက်မှာ ယာဉ်ကြောကြပ်တည်းမှု မဖြစ်အောင်၊ ယာဉ်အန္တရာယ်မဖြစ်အောင်အတွက် ရှေ့မှာ ယာဉ်ထိန်းဆိုင်ကယ်ပါမယ်။ မြို့နယ်ချင်းချိတ်ဆက်ပြီး လုံခြုံရေးဆောင်ရွက်ပေးထားပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနှင့် ထိုင်းနိုင်ငံသား (၁၃၀) ခန့်ပါဝင်သည့် စက်ဘီးစီးအဖွဲ့အတွက် အမှတ်(၁၁၇)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(တာချီလိတ်)မှ မိုင်းဖြတ်မြို့အထိ ယာဉ်လမ်းကြောင်းရှင်းလင်းရေးများလုပ်ဆောင်ပေးပြီး အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ မိုင်းဖြတ်မှ ကျိုင်းတုံအထိ ယာဉ်ကြောရှင်းလင်းမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများအတွက် တာချီလိတ်ခရိုင် ကျန်းမာရေးဌာနနှင့် ကြက်ခြေနီအသင်းတို့မှ အရေးပေါ်လူနာတင်ယာဉ် (၂) စီးဖြင့် လိုက်ပါဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

အပျော်တမ်းစက်ဘီးစီးအဖွဲ့သည် ဒီဇင်ဘာ (၁၅) ရက်နေ့တွင် တာချီလိတ်မှ ကျိုင်းတုံအထိ သွားရောက်မည်ဖြစ်ပြီး ကျိုင်းတုံမြို့တွင် ညအိပ်ရပ်နားပြီးနောက် ဒီဇင်ဘာ (၁၆) ရက်နေ့တွင် ကျိုင်းတုံမြို့အတွင်း လည်ပတ်စီးနင်းပြီးနောက် ဒီဇင်ဘာ (၁၇) ရက်နေ့ နံနက် (၇) နာရီခွဲတွင် ကျိုင်းတုံမြို့၊ နောင်တုံကန်မှ စတင်ထွက်ခွာပြီး တာချီလိတ်မြို့သို့ ပြန်လည်စီးနင်းမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~