လွိုင်ကော်နှင့် ဒီးမော့ဆိုကို ပစ်ခတ်တိုက်ခိုက်သည့်  အာဏာသိမ်းစစ်တပ်၏ တင့်ကား တစ်စီး မီးလောင်သွားသည့်အပြင်  ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ

လွိုင်ကော်နှင့် ဒီးမော့ဆိုကို ပစ်ခတ်တိုက်ခိုက်သည့်  အာဏာသိမ်းစစ်တပ်၏ တင့်ကား တစ်စီး မီးလောင်သွားသည့်အပြင်  ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ
ဇန်နဝါရီ 8, 2022 | ကယား

ကရင်နီ (ကယား)ပြည်နယ် ဒီးမော့ဆိုနှင့်လွိုင်ကော်မြို့ကို ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့၏ အပြင်းအထန် တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်၏  ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီး  တင့်ကားတစ်စီးလည်း မီးလောင်သွားသည်ဟု KNDF က သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုနှင့် လွိုင်ကော်ကို တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်၏ တင့်ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး လွိုင်ကော်ကို ယနေ့ည (၈)နာရီဝန်းကျင်က လာပစ်သည့် ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သဖြင့် ဒေါမူကလားကျေးရွာအနီး၌ ပျက်ကျမီးလောင်သွားသည်ဟု သိရသည်။

ယနေ့ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ ဗိုလ်အဆင့် (၁)ဦး အပါအဝင် (၃၀) ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကာ လက်နက် (၁၁)လက်၊ လက်နက်ကြီးကျည်နှင့် လက်နက်ငယ်ကျည်အချို့ကိုလည်း KNDF က သိမ်းဆည်းရမိကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်း၊ တင့်ကားတို့ဖြင့်  တိုက်ခိုက်သော်လည်း အကျအဆုံးများသဖြင့် ဒီးမော့ဆိုမြို့နယ်အတွင်း ၅ မိုင်၊ ၆ မိုင်နှင့် ဒေါပိုးစီတို့မှ မြို့တွင်း ဆုတ်ခွာသွားကြောင်း သိရသည်။

ယင်းသို့ဆုတ်ခွာချိန်တွင် အာဏာသိမ်းစစ်တပ်က ပြည်သူများ၏နေအိမ်များမှ ပစ္စည်းများကို Canter ကားနှစ်စီးဖြင့် ခိုးယူသွားပြီး နေအိမ် (၁၀)လုံးကို မီးရှို့ထားခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

လွိုင်ကော်မြို့ကို သံချပ်ကာကား၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ခဲယမ်းများအား KNDF က သိမ်းဆည်း ရမိ