လွိုင်ကော်မြို့ကို သံချပ်ကာကား၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ခဲယမ်းများအား KNDF က သိမ်းဆည်း ရမိ

လွိုင်ကော်မြို့ကို သံချပ်ကာကား၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ခဲယမ်းများအား KNDF က သိမ်းဆည်း ရမိ
ဇန်နဝါရီ 8, 2022 | ကယား

ကရင်နီ (ကယား)ပြည်နယ်၊ လွိင်ကော်မြို့ကို ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ နံနက်မှ ညပိုင်းအထိ  သံချပ်ကာကား၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များပါသုံး၍ တိုက်ခိုက်နေသည့် အာဏာသိမ်းတပ်ဘက်မှ သေဆုံးသူ အများအပြားရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။

ယနေ့တိုက်ပွဲအတွင်း အကြမ်းဖက်အာဏာသိမ်းစစ်တပ်ဘက်မှ (၃၀) ထက်မနည်းသေမည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ခန့်မှန်းထားကြပြီး အာဏာသိမ်းစစ်တပ်က တိုက်ပွဲအတွင်း သေဆုံးသွားသည့် တပ်သားအလောင်းများကို မကောက်ယူဘဲ လူနေအိမ်များအတွင်းထည့်ကာ မီးရှို့ထားခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က သေဆုံးသူများလာချိန်တွင် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုလုပ်ခဲ့သည်။

လွိုင်ကော်မြို့ ၅ မိုင်၊ ၆ မိုင်၊ ဒေါပိုးစီ၊ ပန်ကန်း၊ ရွာတန်းရှည်၊ မိုင်းလုံးရပ်ကွက်များနှင့် ဆက်စပ်ရပ်ကွက်၊ကျေးရွာများတွင် KA၊ KNDF၊  လွိုင်ကော် PDF၊ ဒီးမော့ဆို PDF ၊ KGZ ၊ KPDF နှင့် အခြား မဟာမိတ်အဖွဲ့များပါဝင်သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်တို့ နံနက်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေပြီး အာဏာသိမ်းတပ်ဘက်က အကျအဆုံးများလာချိန်တွင် သံချပ်ကာကားများနှင့် လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် မြေပြင်နှင့် လေကြောင်းတိုက်ခိုက်မှုများတွင် အရပ်သားနေအိမ်များကိုပါ တိုက်ခိုက်ဖျက်ဆီးခဲ့သည့်အပြင် နည်းပညာတက္ကသိုလ်အဆောက်အဦတွင် နေရာဝင်ယူပြီး စစ်ရေးဆိုင်ရာကျင့်ဝတ်များကို ပြောင်တင်းစွာ ချိုးဖေါက်နေသည်ဟု လွိုင်ကော် PDF က ထုတ်ပြန်သည်။

ယနေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်အချို့ ဒဏ်ရာရရှိကြပြီး လွိုင်ကော် PDF မှ ရဲဘော် ရီးရယ်ထွန်းကြည် (ခ) သျှောင်ကြီးဗွေသည် မိုင်းလုံးနှင့် ပန်ကန်းတစ်ဝိုက်ရှိ အိမ်ပြင်မထွက်နိုင်သော သက်ကြီးရွယ်အိုများအား အိမ်ပြင်သို့ ကယ်ထုတ်နေချိန် ဒဏ်ရာရရှိကာ ကျဆုံးသွားရကြောင်း သိရသည်။

 လွိုင်ကော် PDF မှ ရဲဘော် ရီးရယ်ထွန်းကြည် (ခ) သျှောင်ကြီးဗွေ

စစ်အာဏာရှင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် အာဏာသိမ်းစစ်တပ်ကဲ့သို့ နိုင်ငံဘဏ္ဍာငွေသုံးစွဲနေသည့်တပ်ဖွဲ့များမဟုတ်ဘဲ ပြည်သူများ၏ပံ့ပိုးကူညီမှုဖြင့် တိုက်ခိုက်ရေးအသုံးစရိတ်ကို သုံးစွဲနေကြခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: KNDF , လွိုင်ကော် PDF