တာချီလိတ်မြို့မသုသာန်ဟောင်းရှိ ဇရပ်အနီးတွင် ရဲအဖြစ် ဟန်ဆောင်ကာ စစ်ဆေး ရိုက်နှက်ခြင်းများ ပြုလုပ်ပြီး ဆိုင်ကယ်နှင့်ဖုန်း ခြိမ်းခြောက် ရယူမှု ဖြစ်ပွား

တာချီလိတ်မြို့မသုသာန်ဟောင်းရှိ ဇရပ်အနီးတွင် ရဲအဖြစ် ဟန်ဆောင်ကာ စစ်ဆေး ရိုက်နှက်ခြင်းများ ပြုလုပ်ပြီး ဆိုင်ကယ်နှင့်ဖုန်း ခြိမ်းခြောက် ရယူမှု ဖြစ်ပွား
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်းရှိ မြို့မသုဿန်(ကျောက်တောင်သုသာန်)ဟောင်း၏ ဇရပ်အနီးတွင် ဆိုင်ကယ်တစ်စီးအား လူတစ်စုက ရဲအဖြစ် ဟန်ဆောင်စစ်ဆေး ရိုက်မှုများမှုပြုလုပ်ပြီး ဆိုင်ကယ်အား ခြိမ်းခြောက်ရယူထား မှု ဇန်နဝါရီလ(၂)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့ ည(၁၀)နာရီ ဝန်းကျင်အချိန်က လူငယ်(၂)ဦးသည် နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နေအိမ်မရောက်မီ ရီဂျီးနားဂေါက်ကွင်းလမ်းရှိ ရီဂျီးနားဂေါက်ကွင်းဆိုင်းဘုတ်အနီးအရောက်တွင် လူလတ်ပိုင်းတစ်ဦးမှ ဆိုင်ကယ်အား တားပြီး နေမကောင်း၍ နေအိမ်ဖြစ်သည့် ကျောက်တောင်သုသာန်အကျော်သို့ လိုက်ပို့ပေးရန် အကူအညီတောင်းသည့်အတွက် လူငယ်(၂)ဦးမှာလည်း အကူအညီတောင်းသူအား ဆိုင်ကယ်၏ နောက်တွင် တင်ဆောင်ကာ မောင်းပို့ပေးခဲ့ကြောင်း သိရသည်။

ကျောက်တောင်သုသာန်ဝန်းအတွင်း ဇရပ်အကျော်ရှိ တဲတစ်ခုရှေ့နားအရောက်တွင် နေမကောင်း၍ အိမ်လိုက်ပို့ဟု ဆိုသည့် အမျိုးသားမှာ အိမ်ထိလိုက်မပို့ခိုင်းတော့ဘဲ ဆင်းနေခဲ့တော့မည်ဟုဆိုကာ ဆင်းနေလိုက်ကြောင်း သိရသည်။ 

လိုက်ပို့ခိုင်းတဲ့သူက နေအိမ်အထိ လိုက်မပို့ခိုင်းတော့ဘဲ သုသာန်ဇရပ်အကျော်မှာ တဲသေးသေးလေးရှိတယ်။ အိမ်အထိ လိုက်မပို့တော့နဲ့ရတယ်ဆိုပြီး၊ အဲ့ဒီ တဲထဲကို ဝင်သွားတယ်။

ဟု ကြုံတွေ့ခဲ့ရသူ၏ မိသားစုဝင်တစ်ဦးက  Tachileik News Agency သို့ ပြောပြသည်။ 

ဆိုင်ကယ်ပြန်ကွေ့အလာ ဇရပ်အနီးတွင် အသက်(၂၅)နှစ်အထက် အမျိုးသား (၄)ဦးမှာ ထွက်လာပြီး ဆိုင်ကယ်မောင်းမပြေးရန် လမ်းပေါ်တွင် သစ်တုံးချကာ လမ်းပိတ်လိုက်ပြီး ဆိုင်ကယ်အား ရပ်တန်းခိုင်းကြောင်း သိရသည်။

ဆိုင်ကယ်ပြန်အကွေ့ ဇရပ်ရောက်ခါနီးမှာ လူ(၄)ဦးက လမ်းပေါ်မှာ သစ်တုံးချပြီး တားထားတာ။ ဆိုင်ကယ်ကိုတားပြီး ရဲပုံစံမျိုးနဲ့ မင်းတို့ ဆိုင်ကယ်ခိုးလာတာလား။ မှုမမှန်ဘူး ဆိုပြီး စစ်တယ်။ ပြီးတော့ ဒူးထောက်ခိုင်းပြီး ငါတို့ကို သိလားလို့လည်း မေးတယ်။ မသိဘူးလို့ပြောပြီး ကျွန်တော်တို့ အိမ်ပြန်မို့လို့ ပြောတာကိုလည်း သူတို့က ထိုးတယ်။ ပြီးတော့ ဆိုင်ကယ်သော့ကိုလည်း တောင်းတယ်။ ဖုန်းထုတ်ပြီး အိမ်ကို ဆက်ဖို့ လုပ်နေတဲ့အချိန်မှာ ပါးအရင်ရိုက်ပြီး ဓါးနဲ့လှမ်းထိုးတာ ရှောင်လိုက်လို့ နည်းနည်းပဲ ထိတယ်။ ဖုန်းလည်းယူထားပြီး၊ အသံမထွက်နဲ့ ဆိုပြီး လေသံမာမာနဲ့ပြောပြီးတော့ ဆိုင်ကယ်ကို ထားခဲ့ခိုင်းပြီး နောက်ပြန်လှည့်မကြည့်နဲ့ ပြန်တော့လို့ ပြောတယ်။

ဟု ဆက်လက်ပြောပြသည်။

ရဲများအဖြစ် ဟန်ဆောင်စစ်ဆေးသည့် အသက်(၂၅)နှစ်ကျော်ရှိ လူ(၄)ဦးသည် လူငယ်(၂)ဦးထံက ၂၀၁၃ခုနှစ်ထုတ် Honda Wave 110 အမျိုးအစား ဖြူပြာရောင် ဆိုင်ကယ် အပြင် လူငယ်(၂)ဦး၏ Samsung အမျိုးအစားဖုန်း (၁)လုံး နှင့် Realme အမျိုးအစား ဖုန်း(၁)လုံးတို့ကို ခြိမ်းခြောက် ရယူထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးမှုများ ဖြစ်ပွားလာရာကနေ ယခုလို လမ်းပေါ်တွင် ခြိမ်းခြောက်လုယက်မှုများအထိ ၂၀၂၁ခုနှစ်အတွင်းက စတင်၍ အဆမတန်ဖြစ်ပွားလာသော်လည်း  ၂၀၂၁ခုနှစ်၏ တစ်နှစ်တာအတွင်း ဆိုင်ကယ်ခိုးမှု (၁၀)မှုသာ အမှုဖွင့်လှစ်မှုရှိပြီး  (၁၀)မှုအနက် (၇)မှုကို တရားစွဲဆိုထားသည်ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့ကဆိုထားသည်။