မိုင်းယောင်းမြို့၏ Covid-19 တတိယလှိုင်းအတွင်း တစ်နေ့တည်း Covid-19 ပိုးရှိသူ (၃)ဦး တွေ့ရှိ

မိုင်းယောင်းမြို့၏ Covid-19 တတိယလှိုင်းအတွင်း တစ်နေ့တည်း Covid-19 ပိုးရှိသူ (၃)ဦး တွေ့ရှိ
ဇူလိုင် 5, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် Covid-19 တတိယလှိုင်းအတွင်း တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၃)ဦးတွေ့ရှိထားကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၅)ရက်နေ့တွင် တွေ့ရှိရသည့် အတည်ပြုလူနာ (၃)ဦးမှာ မိုင်းယောင်းမြို့တွင်း ကူးစက်သူများ မဟုတ်ဘဲ အခြားမြို့နယ်ကနေ ရောက်လာသည့် မိုင်းယောင်းဒေသခံ အမျိုးသမီးငယ်များဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် Home Quarantine ထားရှိသူများဖြစ်ကြောင်း မိုင်းယောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက အသိပေးထားသည်။

ပိုးတွေ့ (၃)ဦးအနက် (၁)ဦးမှာ ရပ်ကွက်(၂)ဦးကဟု သိရပြီး ၎င်းနှင့်ထိတွေ့သည့် ကျောင်းတက်နေဆဲ ကလေးတစ်ဦးကိုလည်း စစ်ဆေးထားသည်ဟု ဒေသခံများထံက သိရသည်။

မိုင်းယောင်းမြို့ဝင် မုန်းလိုက်တံတားတွင် Covid-19 ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ဇူလိုင်လ(၄)ရက်နေ့က စ၍ ဖွင့်လှစ်ထားပြီး နံနက်(၈)နာရီမှ ညနေ(၅)နာရီအချိန်အထိ ခရီးသည်ယာဉ် ဖြတ်သန်းသွားလာခြင်း၊ ခရီးသည်များအား ခရီးသွားရာဇဝင်များ ကောက်ယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ လုပ်ဆောင်‌ပြီး ခရီးသွားများအနေဖြင့် ကျန်းမာရေးထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်းနှင့် အခြားဒေသများမှ နေရပ်ပြန်လာမည့် မိုင်းယောင်းဇာတိ ဒေသခံများကို  Quarantine  ထားမည်ဖြစ်ကြောင်းလည်း အသိပေးထားကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် Covid-19 ကြိုတင် ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း မွေးနေ့၊ မင်္ဂလာဆောင် စသည့် ပွဲလမ်းသဘင် မကျင်းပရန်လည်း အသိပေးထားကြောင်းနှင့် စားသောက်ဆိုင်များလည်း ဆိုင်ထိုင်စားသည့် စနစ်ဖြင့် မရောင်းချစေဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပေးထားကြောင်း သိရသည်။