အလှူမှပြန်လာသည့် ယာဉ်တစ်စီး ရေကန်ထဲ ထိုးကျသွားရာမှ ကလေးငယ်တစ်ဦး အပါအဝင် (၅)ဦး သေဆုံး

Photo:  စိတ္တသုခတွံတေးလူမှုကူညီရေးအသင်း
Photo:  စိတ္တသုခတွံတေးလူမှုကူညီရေးအသင်း
အလှူမှပြန်လာသည့် ယာဉ်တစ်စီး ရေကန်ထဲ ထိုးကျသွားရာမှ ကလေးငယ်တစ်ဦး အပါအဝင် (၅)ဦး သေဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ချောင်းဟောင်းကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်ကာ ရေကန်ထဲနစ်မြုပ်ခဲ့သဖြင့် (၄)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် (၅)ဦး သေဆုံးသွားကြောင်း   စိတ္တသုခတွံတေးလူမှုကူညီရေးအသင်းထံမှ သိရသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂)ရက်၊ နေ့လည်ပိုင်းက အလှူမှ ကာတီးနားကြက်တူရွေးယာဥ် အမျိုးအစားဖြင့် လူ(၆)ဦး စီးနင်းလာစဉ် မတော်တဆဖြစ်ကာ ရေကန်ထဲထိုးကျနစ်မြုပ်သွားခြင်းဖြစ်သည်။

"ကားမြုပ်သွားတယ်လို့ ဖုန်းဆက်လို့ ကျွန်တော်တို့က သွားခေါ်ပေးတာ။ လူကတော့(၅)ယောက် ရေမွန်းပြီး ဆုံးသွားတယ်။ (၄)နှစ်အရွယ်ကလေး တစ်ယောက်ပါတယ်။ ယာဉ်မောင်းတစ်ဦးပဲ အသက်ရှင်တယ်။"ဟု စိတ္တသုခတွံတေးလူမှုကူညီရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ဇန်နဝါရီလ(၃)ရက်နေ့တွင် ပြောသည်။

တိမ်းမှောက် နှစ်မြုပ်သွားသည့် ယာဉ်အတွင်းမှ လူများကို ဒေသခံများက ဆွဲထုတ်ပေးခဲ့ရပြီး ယာဉ်ကို စိတ္တသုခတွံတေးလူမှုကူညီရေးအသင်း၏ ကရိန်းဖြင့် ဆယ်ယူခဲ့ရသည်ဟု ဆိုသည်။

သေဆုံးသွားသူများမှာ ဆွေမျိုးသားချင်းနီးစပ်သူများဖြစ်ပြီး တွံတေးမြို့အပိုင် တမွတ်က‌လေးကျေးရွာဘက်တွင် အလှူလုပ်ပြီးပြန်အလာ ယာဉ်မတော်တဆမှုဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ စိတ္တသုခတွံတေးလူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုသည်။

သေဆုံးသွားသူများမှာ မည်သည့်ကျေးရွာက ဆိုသည်ကို မသိရှိရသော်လည်း တွံတေးမြို့ပေါ်က တစ်ဦးပါဝင်ကြောင်း သိရပြီး ၎င်းတို့ကို တွံတေးဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency