ကောလင်းမြို့နယ်အတွင်း ငပွေးကြီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သားအမိ(၂)ဦး ကျည်ထိမှန်ပြီး နေအိမ်တစ်လုံး ပျက်စီး

Photo: ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး - ပကဖ
Photo: ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး - ပကဖ
ကောလင်းမြို့နယ်အတွင်း ငပွေးကြီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သားအမိ(၂)ဦး ကျည်ထိမှန်ပြီး နေအိမ်တစ်လုံး ပျက်စီး
ဇန်နဝါရီ 29, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း ငပွေးကြီးရပ်ကွက်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်က (၆၀)မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် သားအမိ(၂)ဦး ဒဏ်ရာရရှိသွားသလို နေအိမ်လည်း ပျက်စီးသွားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ တပ်များသည် ကောလင်းမြို့၊ ငပွေးကြီးရပ်ကွက်အစွန်မှ (၆၀) မမနှစ်လုံး ရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် မြို့၏ အရှေ့ဘက် (၂၂၀၀)မီတာဝန်းကျင် ဝေးသော ကန်လည်ကြီးရွာတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူ(၂)ဦး ထိမှန်သွားခြင်း ဖြစ်ကြောင်း ကောလင်း PDF က ယနေ့ ဇန်နဝါရီလ(၂၉) ရက်တွင် သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။ 

လက်နက်ကြီး ပေါက်ကွဲသဖြင့် ယင်း‌နေအိမ်ရှိ သားအမိ(၂)ဦး ကျည်ထိမှန်ခဲ့ပြီး မိခင်ဖြစ်သူမှာ ခါးနောက်ကျော နှင့် ညာဘက် ခြေသလုံးဒဏ်ရာရကာ သမီးမှာ ဆီးခုံကို ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နှစ်ဦးစလုံးကို ကျေးရွာ ပကဖအဖွဲ့၀င်များမှ အချိန်မှီ ဆေးကုသမှု ပေးနိုင်ရန် ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး(ပကဖ)၏ ဆေးအဖွဲ့နှင့် ချိတ်ဆက်ပို့ဆောင်၍ ကုသမှုပေးနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ(၂၉)ရက်၊ နံနက်ပိုင်းကလည်း ကောလင်းမြို့ အနောက်ဘက် မင်းတဲကြီးရပ်ကွက်နှင့် ရွာမရွာကြား ရွှေလံတံတားအနီးသို့ စစ်ကြောင်းထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သား အင်အား(၆၀)ဝန်းကျင်ကို  The Secret Warrior Kawlin က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရမှုရှိခဲ့ကြောင်းလည်း သိရသည်။

#TachileikNewsAgency