စစ်ကောင်စီ၏ လုပ်ငန်းစဉ်(၅)ရပ် အောင်မြင်မှ  ရွေးကောက်ပွဲအသစ်ပြုလုပ်ပြီး အနိုင်ရမည့်ပါတီကို အာဏာပြန်လွှဲမည်

စစ်ကောင်စီ၏ လုပ်ငန်းစဉ်(၅)ရပ် အောင်မြင်မှ  ရွေးကောက်ပွဲအသစ်ပြုလုပ်ပြီး အနိုင်ရမည့်ပါတီကို အာဏာပြန်လွှဲမည်

အာဏာသိမ်းစစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် လုပ်ဆောင်ပြီးမှ  ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပြီး အနိုင်ရမည့်ပါတီကို အာဏာပြန်လည်လွှဲပြောင်းပေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာမီအချိန်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများတိုးတက်ရရှိမည်ကို မျှော်လင့်ကြောင်းနှင့် ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပြီး အနိုင်ရရှိသည့် ပါတီကို အာဏာပြန်လည်လွှဲပြောင်းမည်ဖြစ်သည့်အတွက် ၎င်းတို့  အဖွဲ့တခုတည်းနှင့် မဆောင်ရွက်နိုင်၍ ပြည်သူများ ပါဝင်ပေးရန်လည်း ဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ ပထမ အချက် နှင့် စတုတ္တ အချက်အထိ လုပ်ငန်းစဉ်များသည် နောက်ဆုံး လုပ်ငန်းစဉ်ဖြစ်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လမ်းခင်းပေးထားသည့် လုပ်ငန်းစဉ်များဖြစ်ခြင်းကြောင့် အဆိုပါ လုပ်ငန်းစဉ် (၄)ခုကို ထိခိုက်မှုရှိပြီး မအောင်မြင်ပါက ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ နောက်ဆုံး လုပ်ငန်းစဉ်အတွက်လည်း အဟန့်အတားဖြစ်နိုင်ပြီး ၎င်းတို့အနေဖြင့် မူဝါဒများကို ပြောင်းလဲမည်မဟုတ်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားခြင်း ဖြစ်သည်။ 

နိုင်ငံတော်သမ္မတ၏ အိမ်တော်တွင် ပြောင်းရွှေ့ကာ စစ်ကောင်စီရုံးဖွင့်လှစ်ထားသည့်  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့က  အစည်းအဝေးကျင်းပပြီး ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ငန်းစဉ် (၅)ရပ်တွင် ရွေးကောက်ပွဲကော်မရှင်ပြန်လည်ဖွဲ့စည်းကာ မဲစာရင်းစစ်ဆေးပြီး ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခြင်း၊ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး၊ Covd-19 ကြောင့် ထိခိုက်သွားသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်ရေး၊ NCA စာချုပ်ပါအတိုင်း ထာဝရငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ပြဌာန်းချက်များ ပြဌာန်းပြီး ရွေးကောက်ပွဲအသစ်ပြန်လည်ကျင်းပပြီး အနိုင်ရမည့် ပါတီကို အာဏာပြန်လွှဲရေး လုပ်ငန်းများ ပါဝင်သည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ မဲအပြတ်အသတ်ဖြင့် အရှုံးကြီးရှုံးနိမ့်ခဲ့သည့်အတွက် မဲစာရင်းရလာဒ်မှားယွင်းသည်ဟုအကြောင်းပြကာ ပြည်သူ့အာဏာကို သိမ်းလိုက်ပြီးနောက် ဦးတည်ချက် (၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်များ ချမှတ်ပြီး ပြည်သူက ရွေးချယ်ထားသည့် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် NLD ပါတီမှ ကိုယ်စားလှယ်များ၊ အာဏာသိမ်းမှုကို လက်မခံနိုင်၍ ဆန့်ကျင်သည့် ကျောင်းသား၊ ပြည်သူ ရဟန်းရှင်လူများကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်များ ချမှတ်ခြင်း ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများပြုလုပ်ထားသည်။