တန့်ဆည်မြို့တွင် အလံနက်ထောင်ခြင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လုပ်ဆောင်ခြင်းမဟုတ်ဘဲ ထင်ယောင်ထင်မှား လုပ်ထားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်

တန့်ဆည်မြို့တွင် အလံနက်ထောင်ခြင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လုပ်ဆောင်ခြင်းမဟုတ်ဘဲ ထင်ယောင်ထင်မှား လုပ်ထားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းပတ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့ နံနက်ပိုင်းက အလံနက်ထောင်ခြင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လုပ်ဆောင်ထားခြင်းမဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်စေရန် အဖွဲ့အစည်းတစ်ခုခုက ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ထားခြင်းသာဖြစ်သည်ဟု တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အများပြည်သူကို အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အဆိုပါလုပ်ရပ်မှာ စစ်အာဏာရှင်တော်လှန်ရေးကို ပျက်စီးစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသည့် အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေးအင်အားစုများအပေါ် ပြည်သူအထင်မှားစေရန် လုပ်ဆောင်ချက်သာဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ခိုက်မှုပြုလုပ်ပါက ပြည်သူအား အသိပေးခြင်းကို လုပ်ဆောင်မည်ဖြစ်သည်ဟုလည်း ဖေါ်ပြထားသည်ကို တွေ့ရသည်။

အလားတူ စစ်ကိုင်းတိုင်းအတွင်း ဘုတလင်မြို့နယ်တွင်လည်း ဘုတလင်မြို့နယ်လူငယ်တပ်ပေါင်းစုအမိန့်ကြေငြာချက်ဆိုသည့် ဝါဒဖြန့်စာရွက်များကိုလည်း ယမန်နေ့ညပိုင်းအချိန်က မြို့တွင်းကြဲဖြန့်ထားသည်ကိုတွေ့ရပြီး အဆိုပါကြေငြာချက်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ခြင်းမရှိဘဲ မဟုတ်မမှန်သတင်းလွှင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း မည်သည့်တိုက်ခိုက်မှုမှ မရှိဘဲ မြို့နယ်များအလိုက် ဝင်ရောက်စီးနင်းခြင်းများကို လုပ်နေသည်ကို တွေ့ရပြီး နေရာအချို့တွင် လေကြောင်းမှပစ်ခတ်မှုများပါ လုပ်နေသည်ကို တွေ့နေရသည်။