ဖရူဆိုမြို့နယ် မိုဆိုရွာအနီး အရပ်သားပြည်သူများ မီးရှို့ခံရမှုတွင် Save the Children ၏ မော်တော်ယာဉ်တစ်စီးပါဝင်ပြီး လုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းနှစ်ဦးလည်း ပျောက်ဆုံးနေ

ဖရူဆိုမြို့နယ် မိုဆိုရွာအနီး အရပ်သားပြည်သူများ မီးရှို့ခံရမှုတွင် Save the Children ၏ မော်တော်ယာဉ်တစ်စီးပါဝင်ပြီး လုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းနှစ်ဦးလည်း ပျောက်ဆုံးနေ
ဒီဇင်ဘာ 26, 2021 | ကယား

ကရင်နီ (ကယား)ပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့တွင်  အာဏာသိမ်းစစ်တပ်က  အရပ်သားများ အစုလိုက်အပြုံလိုက် မီးရှို့ထားသည့်နေရာတွင် Save the Children အဖွဲ့မှ ဝန်ထမ်းများစီးနင်းသည့် မော်တော်ယာဉ်လည်း ပါဝင်နေသည်ကိုတွေ့ရပြီး လုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်း (၂) ဦးလည်း ပျောက်ဆုံးနေသည်ဟု အဆိုပါ အဖွဲ့အစည်းက သတင်းထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်အတွင်း အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ထားသည့်လုပ်ရပ်ကို ပြစ်တင်ရှုတ်ချကြောင်း Save the Children ၏ ယမန်နေ့ ဒီဇင်ဘာလ (၂၅)ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် အခင်းဖြစ်ပွားရာနေရာ၌  ၎င်းတို့၏တာဝန်များဆောင်ရွက်ပြီး ရုံးကိုပြန်လာသည့် ဝန်ထမ်း (၂) ဦး စီးနင်းလာသည့်ကားတစ်စီးကိုပါတွေ့ရသဖြင့်  အသက်အန္တရာယ် လွန်စွာမှ စိုးရိမ်နေရပြီး မိသားစုဝင်များကို ဆက်သွယ်ထားသည်ဟုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Save the Children မှ ပျောက်ဆုံးနေသည့် ဝန်ထမ်းနှစ်ဦးမှာ အနီးနားဝန်းကျင်ကျေးရွာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပြီးနောက် ရုံးကိုပြန်လာခဲ့ကြစဉ် ယင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် ရင်ဆိုင်ကြုံတွေ့ရကာ ပျောက်ဆုံးနေကြခြင်းဖြစ်သည်ဟု သိရသည်။ 

နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်သည့် ဤအကြမ်းဖက်လုပ်ရပ်ကို ကျွန်မတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထပ်လောင်းအသိပေးလိုပါတယ်။ အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေးသူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ ဝန်ထမ်းများအား ဤသို့အကြမ်းဖက်ကျူးလွန်မှုအပေါ် လွန်စွာမှ ထိတ်လန့်အံ့ဩတုန်လှုပ်မိပါတယ်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍  အသေးစိတ်စုံစမ်းစစ်ဆေးလျက် ရှိနေပြီး  အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်ခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မဟုတ်ပါ။

ဟု Save the Children ၏ အမှုဆောင်ချုပ် (Chief Executive)  ဖြစ်သည့် Inger Ashing က ပြောကြားသည်။

ကရင်နီ(ကယား)ပြည်နယ်မှ အဖြစ်အပျက်ကြောင့် Save the Children က ကရင်နီ (ကယား)ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့နှင့် ကရင်ပြည်နယ်ရှိ စီမံကိန်းများကို ယာယီရပ်ဆိုင်းထားသည်ဟု အသိပေးထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်၊ ဖရူဆို၊ မိုဆိုဖက်တွင် ဒီဇင်ဘာလ (၂၄)  ရက်နေ့ စစ်ကောင်စီတပ်က ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ (၃၅)ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်လိုက်ကြောင်း KNDF ၏ တရားဝင်ထုတ်ပြန်ချက်နှင့် ကရင်နီ သတင်းရင်းမြစ်များ၏ အတည်ပြုချက်အရ ရရှိသည့်ပုံများကို  Myanmar Witness Team က အချက်အလက်စစ်ဆေးရှာဖွေအတည်ပြုချက်အရ  အဆိုပါအဖြစ်အပျက်မှာ ဒီဇင်ဘာလ (၂၄) ရက်နေ့ မြန်မာအချိန် နေ့လည် (၁) နာရီ (၁၈) မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 

ဆက်စပ်သတင်း