လွိုင်ကော်ကို တိုက်လေယာဉ်ဖြင့် (၉)ကြိမ် ဗုံးကြဲပစ်ခတ် တိုက်ခိုက်သည့် အာဏာသိမ်းစစ်တပ်ဘက်က (၂၀)ဦး သေဆုံးပြီး (၃)ဦးကို အရှင် ဖမ်းမိ

Photo: KNDF
Photo: KNDF
လွိုင်ကော်ကို တိုက်လေယာဉ်ဖြင့် (၉)ကြိမ် ဗုံးကြဲပစ်ခတ် တိုက်ခိုက်သည့် အာဏာသိမ်းစစ်တပ်ဘက်က (၂၀)ဦး သေဆုံးပြီး (၃)ဦးကို အရှင် ဖမ်းမိ
ဇန်နဝါရီ 11, 2022 | ကယား

ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်မြို့ကို ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် တိုက်လေယာဉ် (၂) စီးဖြင့် (၉) ကြိမ်လာတိုက်သည့် အာဏာသိမ်းစစ်တပ်ဘက်က (၂၀)ဦး သေပြီး  (၃)ဦးကို အရှင်ဖမ်းမိသည်ဟု KNDF က သတင်းထုတ်ပြန်သည်။ 

 လွိုင်ကော်မြို့ ရွာတန်းရှည်နှင့် မိုင်းလုံးရပ်ကွက်တို့တွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး  တိုက်ပွဲပြင်းထန်ခဲ့ကာ အာဏာသိမ်းစစ်‌ကောင်စီတပ်များ အထိနာသဖြင့် ညနေပိုင်းတွင် လေယာဉ် (၂) စီးဖြင့် (၉) ကြိမ် လာ‌ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယင်းတိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်များထံမှ လက်နက်ငယ် (၃)လက်၊ လက်နက်ကြီးတစ်လက်အပြင် လက်နက်ကြီး၊ ငယ်ကျည်များကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ညနေပိုင်းတွင် မိုင်းလုံးရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်။

ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အသက်ပေးသွားသော ရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုသည်ဟု ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက တပ်မ (၆၆)၊ တပ်ရင်း (၁၀၈)မှ ထွက်ပြေးလာသော အာဏာသိမ်း စစ်ကောင်စီတပ်သား(၃)ယောက်ကို လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကရင်နီပြည်ရဲဌာန (KSP) သို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ထုတ်ပြန်သည်။

လွိုင်ကော်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းမဟာမိတ်တပ်များက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။