ဘေးကင်းလုံခြုံသော အရပ်ဒေသသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေး အဆင်သင့်ပြုလုပ်ထားကြရန် ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ အသိပေး

ဘေးကင်းလုံခြုံသော အရပ်ဒေသသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေး အဆင်သင့်ပြုလုပ်ထားကြရန် ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ အသိပေး
နိုဝင်ဘာ 11, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်နှင့် မိုးဗြဲမြို့တို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် အရပ်သားများ ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ကြရန် ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

လွိုင်ကော်မြို့ရှိ ရပ်ကွက်၊ ကျေးရွာများဖြစ်ကြသော ချီကယ်ကျေးရွာအုပ်စု၊ နွားလဝိုးကျေးရွာအုပ်စု၊ နိုးကိုးကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲကျေးရွာအုပ်စုနှင့် ကုန်းသာကျေးရွာအုပ်စုအပြင် မိုးဗြဲမြို့တို့တွင် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည်ဟု ထုတ်ပြန်သည်။

လွိုင်ကော်မြို့အနီးတဝိုက်သည်လည်း စစ်ဇုန်အဖြစ်သို့ ပြောင်းလဲလာနိုင်သည်ဖြစ်၍ ပြည်သူများ ပိုမိုဘေးကင်းလုံခြုံသော နေရာများသို့ ပြောင်းရွှေ့ကြရန်လိုကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် တနိုင်တပိုင် စားနပ်ရိက္ခာများနှင့် ဆေးဝါးများပြင်ဆင်ထား၍ ဘေးကင်းလုံခြုံသော အရပ်ဒေသသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေး အဆင်သင့်ပြုလုပ်ထားကြရန်နှင့် လက်တလောတွင် ပြောင်းရွှေ့ခြင်းမပြုသေးဘဲ နေအိမ်တွင်း အကာအကွယ်ရှိသည့်နေရာတွင် နေထိုင်ကြရန် အသိပေးထားသည်။

ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ၁၁၁၁ စစ်ဆင်ရေးကို ဖော်ဆောင်နေခြင်းဖြစ်ပြီး လွိုင်ကော်အပါအဝင် မြို့နယ်တချို့တွင် စစ်ကောင်စီတပ်နှင့် အာဏာရှင်နှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ဦးတည်ကာ စစ်ကောင်စီ၏ အုပ်ချုပ်‌ရေးယန္တရား အလုံးစုံပြိုလဲရေးအတွက်  စစ်‌ရေးဖော်ဆောင်နေခြင်းဖြစ်သည်။

#TachileikNewsAgency