ကျိုင်းတုံမြို့၏ (၃)လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သံသယတရားခံများကို စစ်ကြောရေး ပြုလုပ်နေ

ကျိုင်းတုံမြို့၏ (၃)လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သံသယတရားခံများကို စစ်ကြောရေး ပြုလုပ်နေ
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့က ဖြစ်ပွားခဲ့သည့်  သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူများဟု ဆိုသူများကို စစ်ကြောရေး ပြုလုပ် နေကြောင်း သိရသည်။

CCTV သမားရယ်၊ ကွန်ပျူတာကျောင်းက တစ်ယောက်ရယ် နောက်ပြီး အမျိုးမကင်းတဲ့ တချို့ရယ် ခေါ်ပြီး စစ်ကြောရေးလုပ်နေတယ်လို့ ကြားတယ်။ အနီးစပ်ဆုံး သံသယတရားခံအဖြစ် ပစ်မှတ်ထားပြီး စစ်နေတယ်တဲ့။  ဒီကိစ္စကို စစ်တိုင်းကလည်း ပေါ်အောင် ဖော်ဖို့ ဖိအားပေးထားတယ်လို့လည်း ကြားတယ်။ ကျွန်တော်တို့ကတော့ ထိုးကျွေးတာမျိုးတွေ မဟုတ်ဘဲ တကယ့် တရားခံကို မိတာပဲ ဖြစ်စေချင်တယ်။ ဒီကာလအတွင်း စစ်ကြောရေးက သိတဲ့အတိုင်း မဟုတ်ဘဲ ဟုတ်တယ်လို့ ဝန်ခံခိုင်းတာမျိုးအထိ နှိပ်စက်တာတွေရှိတော့  တကယ်လုပ်တဲ့ လူက လွတ်မြောက်နေမှာ စိုးရိမ်တယ်

ဟု ကျိုင်းတုံမြို့နေ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

 ကျိုင်းတုံမြို့ ရပ်ကွက် (၂) ကျိုင်းလန်းအတွင်း တက်နေဝန်ကားဂိတ်ဘေးရှိ နေအိမ်တွင်  အသက်(၅၈)နှစ်မှ အသက်(၆၁)နှစ်ရှိ ညီအစ်မ (၃)ဦး လည်ပင်း၊ ရင်ဆို့တို့တွင် ဓါးဖြင့် ထိုးသွင်း ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးမှု  ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ ည(၉)နာရီကျော်က  ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(၃)လောင်းပြိုင် လူသတ်မှုဖြစ်ပွားပြီးနောက် အဆိုပါ နေအိမ်တွင် CCTV ၏ ဟတ်ဒစ်လည်း ပျောက်နေသလို   သေဆုံးသူများ၏ ပိုက်ဆံအိတ်များကိုလည်း ပျောက်နေကြောင်း နှင့် သတ်ခံရသူများမှာ ငွေလဲလုပ်ငန်း လုပ်ကိုင်သည့်အပြင် ကျိုင်းတုံမြို့မဈေးအတွင်း၌ ဈေးရောင်းကြသူများလည်း ဖြစ်ကြောင်း သိရသည်။

စစ်တပ်ကို ဆန့်ကျင်တဲ့လူတွေကိုတော့ ဟုတ် မဟုတ် ရမ်းသမ်း ဖမ်းကြတယ်။ ခုလို ပြည်သူ့လုံခြုံရေးအထိ စိုးရိမ်ရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဖော်ထုတ်နိုင်ဖို့လိုတယ်။ ပြီးခဲ့တုန်းက ကောင်မလေးတစ်ယောက် သတ်ခံရပြီး ဆိုင်ကယ်ယူသွားတဲ့ ကိစ္စဆိုလည်း ခုထိ ဘာမှ မကြားသေးဘူး။

ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဇွန်လ(၃၀)ရက်နေ့ နံနက်အစောပိုင်းကလည်း ရပ်ကွက်(၁) ကုန်းကျောင်းရပ်တွင် အမျိုးသမီး (၁)ဦး နေအိမ်အတွင်း သတ်ခံရပြီး ဆိုင်ကယ်နှင့်ဖုန်း ယူသွားမှု ဖြစ်ပွားခဲ့သော်လည်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံကို ဖမ်းဆီးရမိနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ