ကျိုင်းတုံတွင် COVID 19 ကြောင့် အလုပ်အကိုင် အခက်အခဲရှိလာ၍ အိမ်ခန်းငှားပိုင်ရှင်အချို့က အိမ်ငှားခ ကင်းလွတ်ခွင့်ပေးလာ

ကျိုင်းတုံတွင် COVID 19 ကြောင့် အလုပ်အကိုင် အခက်အခဲရှိလာ၍ အိမ်ခန်းငှားပိုင်ရှင်အချို့က အိမ်ငှားခ ကင်းလွတ်ခွင့်ပေးလာ
ဧပြီ 2, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် COVID 19 ကြောင့် အလုပ်အကိုင် အခက်အခဲရှိလာ၍ အိမ်ခန်းငှားပိုင်ရှင်အချို့က အိမ်ငှားခ ကင်းလွတ်ခွင့်ပေးလာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် COVID 19 ကြောင့် အလုပ်အကိုင် အခက်အခဲဖြစ်လာ၍ အခန်းငှား နေထိုင်သူကို အိမ်ပိုင်ရှင်က  (၃)လစာ အိမ်ငှားခ ကင်းလွတ်ခွင့်ပေးလိုက်ကြောင်း သိရသည်။

ဒီရောဂါကြောင့် အလုပ်တွေက တော်တော်ကြီးကို ကျပ်သွားကြတယ်။ သူတို့က နေ့လုပ် နေ့စားတွေလေ။ ကလေးတွေလည်း ရှိတော့ မယူတော့ဘူးလို့ ပြောလိုက်တယ်။ ကျွန်မတို့လို အလုပ် လုပ်ရတာတောင် (၇၅) ရာခိုင်နှုန်းလောက် ကျသွားတယ်လေ။ ကိုယ်တောင် ခက်ခဲတာ သူတို့အတွက် ပိုအဆင်မပြေဖြစ်မယ်ဆိုတော့ (၃)လစာ မယူတော့တာပါ။ ဒီမှာထက်စာရင် တာချီလိတ်မှာက အိမ်ခန်းခက ပိုဈေးကြီးတယ်။ ရေခ၊ မီးခလည်း ပိုဈေးကြီးတယ်။ အလုပ်လည်း ပိုခက်တယ်။ သူတို့က ပိုလျှော့ပေးသင့်တယ်လို့ မြင်တယ်။ တစ်ဝက်လောက်ဖြစ်ဖြစ်ပေါ့

ဟု ကျိုင်းတုံမြို့ ရပ်ကွက်(၁)ရှိ နေအိမ်ခန်းငှားပိုင်ရှင်တစ်ဦးဖြစ်သူ မနန်းလှက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂)ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံမြို့ ရပ်ကွက်(၁)မှ အဆိုပါ နေအိမ်အခန်းငှား အပါအဝင် ကျိုင်းတုံမြို့က အိမ်ခန်းငှားပိုင်ရှင် အချို့ကလည်း အိမ်ခန်းငှားခကို မယူတော့သည်များရှိသလို (၅၀)ရာခိုင်နှုန်းလောက်သာ ယူတော့သည်များလည်းရှိကြောင်း သိရသည်။

ထိုသို့ လျှော့ပေးမှုသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးကာလအတွင်းသာဖြစ်ပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားပါက မူလအတိုင်း ပြန်လည်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

COVID 19 ကူးစက်မှုကို ကာကွယ်ရန် လူစုလူဝေး ဖြစ်စေသည်များကို ရှောင်ရသဖြင့် အလုပ်အကိုင် နှင့် စားသောက်ဆိုင်လုပ်ငန်းအများစုမှာ ယာယီပိတ်ထားကြရပြီး မဖြစ်မနေ လည်ပတ်နေသည့် လုပ်ငန်းအချို့မှာလည်း လုပ်သားလျှော့ချမှုများဖြစ်နေ၍ အလုပ်အကိုင်နားရသူ အများအပြားရှိလာနေခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~