NLD အနိုင်ရကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က တောင်ကြီးနေအိမ်မှ ဖမ်းဆီးသွား

NLD အနိုင်ရကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က တောင်ကြီးနေအိမ်မှ ဖမ်းဆီးသွား
ဒီဇင်ဘာ 18, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေအား အာဏာသိမ်းအဖွဲ့၏ စရဖနှင့် စစ်တပ်က စစ်ဆေးစရာရှိသည်ဟု ဆိုကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့ ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ 

မနေ့ညက နေအိမ်မှာ ဖမ်းခံရတယ်။ ကြားရသလောက်တော့ စရဖက စစ်ဆေးစရာရှိလို့ ဆိုပြီး ဖမ်းသွားတယ်လို့ ကြားတယ်။ ညက လမ်းထိပ်မှာ စစ်သားတွေ သေနတ်တွေနဲ့ တွေ့လိုက်တယ်။ အန်တီက အသက်ကြီးနေပြီ ဘာမှလည်း မလုပ်တော့ပါဘူး။ အဲဒါကို ဘာလို့ လာဖမ်းသွားလဲဆိုတာတော့ မသိဘူး။

ဟု တောင်ကြီး ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းအဖွဲ့၏ စရဖနှင့် စစ်တပ်က ဒီဇင်ဘာလ(၁၇)ရက်နေ့ ည(၁၁)နာရီဝန်းကျင်တွင် ဒေါက်တာ ဒေါ်သန်းငွေ၏  နေအိမ်သို့ ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ အသက်(၇၂)နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါက်တာ ဒေါ်သန်းငွေသည်  ၂၀၁၃၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် လူထုရွေးကောက်ခံရသည့် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။

 

NLD အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးချုပ်နှောင်ထားကာ နိုင်ငံ့အာဏာသိမ်းထားသည့်အဖွဲ့သည် အာဏာသိမ်းပြီး (၁၀) လကျော်ကြာသည်အထိ NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများအား စွပ်စွဲမှုအမျိုးမျိုးဖြင့် အငြိုးတကြီးလိုက်ရှာ ဖမ်းဆီးမှုများ လုပ်နေဆဲဖြစ်သည်ကို တွေ့ရသည်။