ဆီဆိုင်မြို့တွင်းသို့ ပစ္စည်းပြန်သယ်ခြင်းမပြုလုပ်ရန် PNLA ထုတ်ပြန်၊  ဆိုက်ခေါင်-ဆီဆိုင်လမ်း ပိတ်ထားမည်

ဆီဆိုင်မြို့တွင်းသို့ ပစ္စည်းပြန်သယ်ခြင်းမပြုလုပ်ရန် PNLA ထုတ်ပြန်၊  ဆိုက်ခေါင်-ဆီဆိုင်လမ်း ပိတ်ထားမည်
ဖေဖော်ဝါရီ 28, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင်းသို့ ပစ္စည်းပြန်သယ်ခြင်းများ လုံးဝမပြုလုပ်ကြရန် 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် အသိပေးထားသည်။

စစ်ရေးအခြေအနေ အလွန်ရှုပ်ထွေးနေသည့် ယခုကာလတွင် ဆီဆိုင်မြို့တွင်းသို့ ဝင်ရောက်ခြင်း၊ ပစ္စည်းပြန်သယ်ခြင်းများ လုံးဝမပြုလုပ်ကြရန် အသိပေးထားခြင်းဖြစ်သည်။

ထို့အပြင် ဆိုက်ခေါင်-ဆီဆိုင် ပြည်ထောင်စုလမ်း၊ ဆိုက်ခေါင်-ဆီဆိုင် ပြည်ထောင်စုလမ်းမကြီး၏ အနောက်ဖက်ခြမ်းတွင် ဆက်သွယ်ထားသော ကျေးရွာလမ်းငယ်များ၊ နမ်းတဘက်ချောင်း အနောက်ဘက် ကက္ကူမှ ဆီဆိုင်မြို့အနောက်ဘက်ရှိ နမ်းတချောင်း အနောက်ဘက်ဒေသများကို ဆက်သွယ်ထားသော တောလမ်းများအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါလမ်းများကို ရှုပ်ထွေးသောစစ်ရေးအခြေအနေများအတွင်း မလိုလားအပ်သော ထိခိုက်မှုများ မဖြစ်ပေါ်စေရေး၊ ယင်းလမ်းကြောင်းများကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြသေးရန် အသိပေးထားသည်။

အချို့ပြည်သူများသည် လိုင်းပေါ်မှ သတင်းအမှားများ လုပ်ကြံသတင်းများကို ယုံကြည်ပြီး ဆီဆိုင်မြို့အတွင်းသို့ ဝင်ရောက်ခြင်း၊ပစ္စည်းပြန်သယ်ခြင်းများ ပြုလုပ်ကြရာ စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးခြင်းများရှိသည်ဟု ဆိုသည်။

မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်စေရန် ပြည်သူများအနေဖြင့် သတင်းတု၊ သတင်းမှားများကို သတိပြုကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့မှစ၍ ဆီဆိုင်မြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နှင့် အပေါင်းအပါများသည် လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပအိုဝ်းဒေသကို နေ့စဉ်တိုက်ခိုက်နေခြင်းကြောင့် ဒေသခံများထိခိုက်သေဆုံးကာ နေအိမ်များပျက်စီးနေသည်။

#TachileikNewsAgency