တောင်ကြီးမြို့မှ CDM ကျန်းမာရေးဝန်ထမ်းများကို အာဏာသိမ်းအဖွဲ့က လိုက်လံ ရှာဖွေနေ

တောင်ကြီးမြို့မှ CDM ကျန်းမာရေးဝန်ထမ်းများကို အာဏာသိမ်းအဖွဲ့က လိုက်လံ ရှာဖွေနေ
ဇူလိုင် 27, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့မှ CDM ဆရာဝန်များ၊ သူနာပြုများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများအား အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့မှစ၍ လိုက်လံရှာဖွေမှုများလုပ်နေသည်ဟု ဒေသခံများကြားသတင်းများ ပျံ့နှံ့နေသည်ဟု သိရသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းမှုကို လက်မခံ၍ အာဏာသိမ်းအဖွဲ့၏ လက်အောက်တွင် မနေဘဲ CDM လုပ်သည့် ကျန်းမာရေးဝန်ထမ်းများကို အာဏာသိမ်းအဖွဲ့က လိုက်လံဖမ်းဆီးနေပြီး  ပြင်ပတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်နေခြင်းကိုလည်း တားဆီးပိတ်ပင်နေခြင်းဖြစ်သည်။

CDM ကျန်းမာရေးဝန်ထမ်းများထဲက ဖမ်းဆီးရမိသူများကို  အကျဉ်းထောင်များတွင် ထိန်းသိမ်းထားသည့် အာဏာသိမ်းအဖွဲ့က COVID 19 တတိယလှိုင်းအတွင်း ကုသမှု မရကြဘဲ သေဆုံးနေရသည့် ပြည်သူများကိစ္စနှင့်ပတ်သက်၍ သတင်းထုတ်ပြန်သည့်အခါတိုင်း CDM ကျန်းမာရေးဝန်ထမ်းများ ပြန်လာရန်ဖိတ်ခေါ်ပါသည်ဟု ပြောလေ့ရှိသည်။

တောင်ကြီးမြို့၏ Covid-19 တတိယလှိုင်းအတွင်း ဇူလိုင်လ(၂၆)ရက်နေ့၏ စုစုပေါင်း စာရင်းအရ Covid-19 ကူးစက်ခံရသူ (၁၄၂၉)ဦးရှိနေပြီး သေဆုံးသူမှာ (၆၀)ဦးအထိရှိကာ ဆေးရုံဆင်းခွင့်ရရှိသွားသူများမှာ (၄၆၇)ဦးရှိနေကြောင်း သိရသည်။