ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် တိုက်ခိုက်မှုမရှိဘဲ အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ပစ်ခတ်

ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက နှမ်းခါးရွာကို စစ်ရဟတ်ယာဉ်မှ ပစ်ခတ်စဉ်
ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက နှမ်းခါးရွာကို စစ်ရဟတ်ယာဉ်မှ ပစ်ခတ်စဉ်
ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် တိုက်ခိုက်မှုမရှိဘဲ အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ပစ်ခတ်
By Tachileik News Agency

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာတွင် ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့က မည်သည့်တိုက်ခိုက်မှုမှ မရှိဘဲ အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ် (၃) စီးဖြင့် ရုတ်တရက် လာရောက်ပစ်ခတ်၍ ဒေသခံသေဆုံးမှုများ ရှိသော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရ၍ အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယနေ့ မွန်းလွဲ (၂) နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်၏ ရဟတ်ယာဉ်များ ပျံဝဲလာပြီး လူနေအိမ်များကို စက်သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် Gangaw Youth သတင်းက ဖေါ်ပြသည်။

ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်သွားကြရပြီး လူနေအိမ်များလည်း ကျည်ထိမှန် ပျက်စီးမှုများရှိသည့်အပြင် ဂန့်ဂေါ - ကလေးလမ်းပိုင်းတွင် ဒေသခံသေဆုံးမှုရှိသည်ဟု သိရသော်လည်း သီးခြားအတည်မပြုနိုင်သေးကြောင်း သိရသည်။

လက်ရှိတွင်လည်း အာဏာသိမ်းစစ်တပ်က နှမ်းခါးကျေးရွာကို အင်အားဖြင့် ပိတ်ဆို့တပ်စွဲထား၍ ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း သိရသည်။

ယနေ့တွင် အာဏာသိမ်းစစ်တပ်၏ မုံရွာအခြေစိုက် နမခမှနေ၍ စစ်ရဟတ်ယာဉ် (၅) စီး မနက်ပိုင်းတွင် ပျံတက်သွားပြီးနောက် ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာအချို့တွင် တပ်စွဲထားသည့် တပ်ဖွဲ့ဝင်အချို့ကို ရဟတ်ယာဉ် (၂) စီးဖြင့်သယ်ဆောင်သွားသည်ကို ဒေသခံများကတွေ့ခဲ့ရပြီး မရှေးမနှောင်းမှာပင် နှမ်းခါးကျေးရွာကို ရဟတ်ယာဉ် (၃)စီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်လကလည်း အာဏာသိမ်းစစ်တပ်က မီးရှို့မှုကြောင့် နှမ်းခါးရွာမှ အိမ်ခြေ (၆၀)ဝန်းကျင် မီးလောင်ဆုံးရှုံးထားခဲ့ခြင်းဖြစ်သည်။