သံတောင် PDF ၏ စနိုက်ပါအပါအဝင် တိုက်ခိုက်မှု ၅ ကြိမ်အတွင်း အာဏာသိမ်းတပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး

သံတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး
သံတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး
သံတောင် PDF ၏ စနိုက်ပါအပါအဝင် တိုက်ခိုက်မှု ၅ ကြိမ်အတွင်း အာဏာသိမ်းတပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး
By Tachileik News Agency

ကရင်ပြည်နယ်၊ သံတောင်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့မှစတင်ကာ (၁၀) ရက်တာကာလအတွင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား (၁၁) ဦးသေဆုံးသည်ဟု သံတောင် PDF က ယနေ့ ဩဂုတ်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။

 သံတောင်PDF က မြို့ဝင်ဂိတ်ရှိ စစ်ကောင်စီတပ်ကို  ဩဂုတ်လ (၁၅) ရက်နေ့တွင် စနိုက်ပါ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၅)  ဦးသေသည်ဟု သိရပြီး ယင်းနေ့တွင်ပင် ထွေအုပ်ရုံးကို လက်နက်ကြီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဩဂုတ်လ ၁၆ ရက်တွင် သံတောင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို စနိုက်ပါဖြင့် သွားရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးသွားသည်ဟု သိရပြီး ဩဂုတ်လ ၂၃ ရက်တွင်လည်း ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားတစ်ဦးကို စနိုက်ပါဖြင့်ပစ်ခတ်ရာ သေဆုံးသွားခဲ့သည်ဟု သိရသည်။

ဩဂုတ်လ ၂၄ ရက်တွင် လမ်းကင်းလှည့်ပြီး စခန်းသို့ပြန်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေပြီး ၄ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် အရပ်သားအမျိုးသမီးတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရသွားသည်ဟု သိရသည်။