ကျောက်မဲမြို့တွင် ကိုဗစ်စည်းကမ်းချက်များကို လိုက်နာမည်ဟု လက်မှတ်ထိုးထားသည့် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင် (၁၁)ဆိုင်အား ဇန်နဝါရီလ(၂၂)ရက်နေ့တွင် ဖွင့်လှစ်ခွင့်ပြုမည်

 ကျောက်မဲမြို့တွင် ကိုဗစ်စည်းကမ်းချက်များကို လိုက်နာမည်ဟု လက်မှတ်ထိုးထားသည့် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင် (၁၁)ဆိုင်အား ဇန်နဝါရီလ(၂၂)ရက်နေ့တွင် ဖွင့်လှစ်ခွင့်ပြုမည်
ဇန်နဝါရီ 21, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ကိုဗစ်ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် လမ်းညွှန်ချက်ဗားရှင်း 2.0 နှင့် အညီ စည်းကမ်းလိုက်နာမည့်အကြောင်း ဝန်ခံကတိရေးထိုးသည့် စားသောက်ဆိုင်/လက်ဖက်ရည်ဆိုင် စုစုပေါင်း (၁၁)ဆိုင်ကို ဇန်နဝါရီလ (၂၂)ရက်နေ့၌ ဖွင့်လှစ်ခွင့်ပေးမည်ဟု သိရသည်။

ဗားရှင်း 2.0 မှာပါတဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဆိုင်ရှင်တွေ၊ ဆိုင်ဝန်ထမ်းတွေ၊ ဆိုင်ကိုလာတဲ့ဧည့်သည်တွေ လိုက်နာရမယ့်စည်းကမ်းတွေကို သိရှိလိုက်နာပါမယ်ဆိုတဲ့အကြောင်း ဝန်ခံကတိထိုးခိုင်းပြီး ဆိုင်ဖွင့်ဖို့ တင်ပြလာတဲ့ထဲက စုစုပေါင်း (၁၁)ဆိုင်ကို ပြန်ဖွင့်ခွင့်ပေးမှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ပြီးလို့ စည်းကမ်းနဲ့ လိုက်နာမှု မရှိကြောင်း စစ်ဆေး တွေ့ရှိတဲ့အခါ ဆိုင်ကို (၁)ပတ်ပိတ်ခိုင်းမှာ ဖြစ်ပါတယ်

ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးစိုးနိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီ(၂၁)ရက်နေ့တွင် ပြောသည်။

စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ လိုက်နာရမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောထုတ်ပြန်ချက် ဗားရှင်း 2.0 နှင့် ကိုက်ညီသည့် ကျောက်မဲမြို့ရှိ စားသောက်ဆိုင်ကြီး (၄)ဆိုင် ကို ခရိုင်ကျန်းမာရေး၊ ကိုဗစ်ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးဌာတို့ပါဝင်သည့် တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့က ဖွင့်လှစ်ခွင့်ပြုထားပြီး ဖြစ်သည်။

ဆိုင်များ ပြန်လည်ဖွင့်လှစ်လိုကြောင်း တင်ပြလာသည့် အနက်မှ စားသောက်ဆိုင်/ လက်ဖက်ရည်ဆိုင် စုစုပေါင်း (၁၁)ဆိုင်ကို သတ်မှတ်ချက်များအား ပြည့်စုံမှု၊ လိုက်နာမှု ရှိမရှိ သက်ဆိုင်သည့်ဌာနတာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ပြီးမှ ယခုကဲ့သို့ ခံဝန်ကတိဖြင့် ဖွင့်လှစ်စေခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်

ဓါတ်ပုံ - ကျောက်မဲစည်ပင်

 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...