မူဆယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၆ လုံးကြဲ

မူဆယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၆ လုံးကြဲ
စက်တင်ဘာ 26, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်မဟာ(၁)တပ်စခန်းနှင့် ကျေးရွာအနီးသို့ စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့ ညပိုင်းတွင် ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံး(၆)လုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

TNLA တပ်မဟာ(၁) လွယ်မောက်တပ်စခန်းနှင့် ကျေးရွာအနီးသို့ စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ် (၃)စီးဖြင့် (၃)ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပြီး ပေါင်(၅၀၀)ဗုံးသီးအပါအဝင် ဗုံးသီး(၆)လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မန်ကန်ရွာနှင့် နမ့်ငူးရွာအနီးသို့ တိုက်လေယာဉ်(၂)စီးဖြင့် ဗုံး(၄)လုံး ကြဲချတိုက်ခိုက်ပြီးနောက် တိုက်လေယာဉ်(၁)စီးဖြင့် ထပ်မံလာရောက်ကာ မူဆယ်မြို့နယ်ရှိ TNLA တပ်မဟာ(၁) လွယ်မောက်တပ်စခန်းအား ပေါင်(၅၀၀)ဗုံးသီး (၂)လုံးဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ရွာတော့မထိဘူး။ မန်ကန်နဲ့ နမ့်ငူးရွာအပြင်မှာရှိတဲ့ ကျွန်တော်တို့အဖွဲ့ကိုပဲ ဦးတည်တာပေါ့။ ရွာနှစ်ရွာအနီးမှာ လေးလုံး ကြဲချတယ်။”ဟု TNLA တပ်ဖွဲ့မှ မြေပြင်အခြေအနေသိသော တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။ 

လွယ်မောက်တပ်စခန်းအား စစ်ကောင်စီတပ်ဖွဲ့က ပေါင်(၅၀၀)ဗုံးသီး (၂)လုံးဖြင့် လာရောက်ကြဲချမှုကြောင့် TNLA တပ်စခန်း အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုမရှိခဲ့ဟု ဆိုသည်။

“ဒီနေ့မနက်လည်း ဟက်စကီးနဲ့ ကွတ်ခိုင်မြို့နယ်ထဲက ငေါငါးရွာထဲကို တရဆက်ပစ်ခတ်သွားပြီးတော့ ရွာအနီးမှာ ဗုံးတစ်လုံးကြဲချသွားတာ။ ဒါက ဒီနေ့ပေါ့ ထိခိုက်မှုတော့ မသိရသေးဘူး။”ဟု ၎င်းကဆက်ပြောသည်။

မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA အကြား ပြီးခဲ့သည့် စက်တင်ဘာလ (၂၃)ရက်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်နှင့် TNLA တို့အကြား ပြီးခဲ့သည့် ဇူလိုင်လ (၂၃)ရက်နေ့မှ ယနေ့အထိ မူဆယ်မြို့နယ်ရှိ စယ်လန့်၊ နမ့်ကတ်၊ နာထန်၊ ဂေါင်ရာ၊ နမ့်တောင်၊ လွယ်ကျယ်လော့၊ ဟိုပေါ်၊ ဆိုင်ခေါင်နှင့် ကောင်ရာရွာ၊ ကွတ်ခိုင်မြို့နယ်ရှိ ခိုမုန်းရွာ၊ ကောင်မူရာနှင့် လင်းလုံရွာ၊ မိုးကုတ်မြို့နယ်ရှိ အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ဖြူရောင်နှင့် ကုန်းစံရွာတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : TNLA သတင်းနှင့် ပြန်ကြားရေး