ကွတ်ခိုင်မြို့တွင် စစ်တပ်အတွင်း နေထိုင်သည့် ဆေးရုံအုပ်ကြီး သေနတ်ဖြင့် ပစ်သတ်ခံရ

ကွတ်ခိုင်မြို့တွင် စစ်တပ်အတွင်း နေထိုင်သည့် ဆေးရုံအုပ်ကြီး သေနတ်ဖြင့် ပစ်သတ်ခံရ
ဒီဇင်ဘာ 15, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့တွင် ဆေးရုံအုပ်အမျိုးသမီး ယမန်နေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးသွားပြီး မည်သူကပစ်ခတ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

သူက စစ်တပ်မိသားစုကဆိုတော့ လက်ရှိအချိန်ထိ စစ်တပ်ထဲမှာပဲ နေတာ။  ဘယ်သူတွေပစ်သွားတယ်ဆိုတာတော့ သေချာ မသိလိုက်ကြဘူး။ မျက်နှာကို (၆) ချက်လုံးမှန်သွားလို့ မျက်နှာတောင်မရှိတော့ဘူး။ သေသွားတာ

ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြောကြားသည်။

အဆိုပါ အသက် (၄၉)နှစ်အရွယ် ဆေးရုံအုပ် ဒေါက်တာ ဝင့်ဝင့်မြိုင်နှင့် ယာဉ်မောင်းတစ်ဦးအပါအဝင် ဝန်ထမ်း (၅) ဦးပါဝင်သည့် မော်တော်ယာဉ်ကို ကွတ်ခိုင် - တာမိုးညဲလမ်းမကြီးဘေးရှိ လွယ်ကန်ကျေးရွာလမ်းခွဲတွင် ယမန်နေ့က တားဆီး၍ ဆေးရုံအုပ်တစ်ဦးတည်းကို ရွေး၍ပစ်သွားခဲ့ပြီး ကျန်လူများမှာ ထိခိုက်ဒဏ်ရာရခြင်းမရှိကြကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်အသိုင်းအဝိုင်းမှဖြစ်သည့် ဆေးရုံအုပ် ဒေါက်တာ ဝင့်ဝင့်မြိုင်သည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ရာတွင် ဒေသတွင်းနာမည်ကြီးသူဖြစ်ကြောင်း သိရပြီး အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ မည်သည့်အဖွဲ့ကမှ ထုတ်ပြန်ထားခြင်းမရှိသေးသည်ကို တွေ့ရသည်။

အာဏာသိမ်းမှုကို တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ၎င်းတို့၏လုပ်ဆောင်ချက်များရှိပါက အများပြည်သူသို့ အသိပေးထုတ်ပြန်လေ့ရှိပြီး အာဏာသိမ်းအဖွဲ့ကမူ ဆန့်ကျင်ဘက်အဖွဲ့များအား စွပ်စွဲသတင်းထုတ်ခြင်းများ လုပ်လေ့ရှိသည်ကို တွေ့ရသည်။