Facebook ပေါ်က ကားအရောင်းအဝယ်အွန်လိုင်း Group မှ ကားအရောင်းပို့စ်ကို ယုံကြည်ပြီး ကားမှာရာက ငွေကြေးလိမ်လည်ခံရ

Facebook ပေါ်က ကားအရောင်းအဝယ်အွန်လိုင်း Group မှ ကားအရောင်းပို့စ်ကို ယုံကြည်ပြီး ကားမှာရာက ငွေကြေးလိမ်လည်ခံရ

တာချီလိတ်မြို့မှ အမျိုးသားတစ်ဦးက ဖေ့ဘုတ်လူမှုကွန်ယက်ပေါ် ကားရောင်းဝယ်ရေး Group တစ်ခုရှိ ကားအရောင်းပို့စ်တင်သူထံ ဆက်သွယ်ဝယ်ယူရာမှ ငွေကြေးလိမ်လည် ခံလိုက်ရကြောင်း သိရသည်။

တာချီလိတ်က မဝယ်တာက ဈေးက မတတ်နိုင်လို့ပါ။ အွန်လိုင်းမှာတွေ့တော့ ဈေးက ကျွန်တော်စုဆောင်းထားတာလေးနဲ့ တတ်နိုင်တော့ ရှိတဲ့ ဆိုင်ကယ်လေးပါ ပေါင်ပြီး ဝယ်လိုက်တာပါ။ တစ်ခါမှလည်း မလုပ်ဘူးတော့ ကျွန်တော်လည်း နားမလည်ဘူး။ Hijet ကို ကျပ်သိန်း (၃၀)နဲ့ ငါးသောင်းပဲ။ တောင်ကြီးအရောက် မောင်းလာပေးမယ်ဆိုတော့ (၅)ခါခွဲပြီး လွှဲလိုက်တာ။ ချွေးနဲ့ရှာထားရတဲ့ ပိုက်ဆံလေး အလိမ်ခံလိုက်ရတယ်။ အဲဒီကားပွဲစား "နိုင်လင်း နိုင်လင်း"ဆိုတဲ့အကောင့်ကလည်း ဆက်သွယ် မရတော့ဘူး။ ဖုန်းလည်း ပိတ်သွားတယ်ဗျ။ ကျွန်တော်က နားကောင်းမူ - တာချီလိတ်ကိုမှ ခေါက်စားမောင်းရတာ။ တစ်လမှ ၆ ခေါက်လောက်ပဲရတာပါဗျာ။

ဟု ငွေကြေးလိမ်လည်ခံလိုက်ရသူက Tachileik News Agency သို့ ပြောသည်။

"သိန်း 20 အောက် ကား Without ရောင်းဝယ်ရေး"ဂရုတွင် ရွှေကူမြို့မှဟုဆိုကာ Hijet ယာဉ်တစ်စီးအား အရောင်းတင်ထားသည့် ပို့စ်တစ်ခုကို တွေ့သဖြင့် ဆက်သွယ်ရာ "နိုင်လင်း နိုင်လင်း"ဆိုသည့် အကောင့်ပိုင်ရှင်က ကျပ် (၃,၀၅၀,၀၀၀)ဖြင့် တောင်ကြီးအရောက် ပို့ပေးမည်ဟုဆိုသဖြင့် ဖုန်းနံပါတ် 09794992881 သို့ (၅) ကြိမ်ခွဲ၍ wave money လွှဲပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အွန်လိုင်းမှတစ်ဆင့် ပြင်ပတွင် မရနိုင်သည့် ဈေးနှုန်းများဖြင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ လိမ်လည်ရောင်းချမှုများကို ဝယ်ယူမိသဖြင့် ငွေကြေးလိမ်လည်ခံရမှုများ မကြာခဏ ဖြစ်ပွားနေပြီး အချို့မှာ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မှ ဆိုင်ကယ်ဆိုင်များ၏ ပုံများအသုံးပြုကာ လိမ်လည်ရောင်းချသည့် page များမှတစ်ဆင့် ဝယ်ယူမိကာ ငွေကြေးဆုံးရှုံးရသူအများအပြား ရှိနေသည်ကိုလည်း တွေ့ရသည်။

 

ယင်းကဲ့သို့ အွန်လိုင်းမှ ငွေကြေးလိမ်လည်မှုများ ရှိတတ်သဖြင့် ယခင်က ဘဏ်များတွင် ငွေလွှဲမည့်သူများအား သတိပေးစာများ မြင်သာအောင် ကပ်ပေးထားသည်ကို တွေ့ရလေ့ရှိပြီး ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိလေ့မရှိသည်ကို တွေ့ရသည်။